Chapter 10: Episode [ 9 ]

Array
(
[text] =>

Episode - 9

-

-

-

-

-

-

-

London ကနေ Bangkok, Bangkokကနေမှ ကြည်နူး Myanmar နိုင်ငံကိုရောက်လာ၏။ ကြည်နူးရဲ့ ဇာတိက ပုဂံဆိုပေမယ့် မိဘတွေက ကြည်နူးညီမလေးကိုမွေးပြီးနောက်ပိုင်း ရန်ကုန်ကိုပြောင်းလာကြတာ ဆယ်စုနှစ်တစ်ခုကျော်ပြီး။  ကြည်နူးလေဆိပ်ကနေပဲ ဆေးရုံကိုတန်းလိုက်သွားတယ်။

ကြည်နူးရောက်သွားတဲ့အချိန် အဖေက ခွဲစိတ်ပြီးလို့ ပြန်တောင်သတိရနေပြီးတဲ့။ ကြည်နူးဆေးရုံကိုရောက်တော့ မိုးလည်းတော်တော်ချုပ်နေပြီးမို့ အဖေကအိပ်ပျော်နေသည်။ ဆိုဖာပေါ်မှာတော့ အမေကထိုင်လျက်ပင် အိပ်ပျော်နေပြီး ညီမလေးကတော့ အမေ့ပေါင်ကိုခေါင်းအုံလုပ်ကာ အိပ်နေ၏။ ကြည်နူး အမေနဲ့ညီမကို အသံတိုးတိုးဖြစ်ခေါ်နှိုးလိုက်တယ်။

အမေနဲ့ညီမလေးက သူ့ကိုတွေ့တော့ အရမ်းပျော်သွားပြီး ပြေးဖက်တော့တယ်။ ကြည်နူးတို့မိသားစုရဲ့ ထောက်တိုင်ကအဖေပဲမို့ အဖေလဲတော့ အမေနဲ့ညီမလေးက အားကိုးရာမဲ့သွားသလိုပင်။

ပင်ပန်းနေပြီးဖြစ်တဲ့ အမေနဲ့ညီမလေးကို အိမ်ပြန်ခိုင်းလိုက်ပြီး ကြည်နူးကတော့ အဖေ့ကိုစောင့်ဖို့ ဆေးရုံမှာနေခဲ့လိုက်တယ်။

ကြည်နူး လွယ်အိတ်ထဲက Laptop နဲ့ Headphones ကိုထုတ်လိုက်ပြီး ဆိုဖာပေါ် တင်ပျဉ်ခွေထိုင်ကာ laptop ကိုပေါင်ပေါ်တင်လိုက်တယ်။

[ အကို ကျွန်တော်ရောက်ပြီ။ အခုဆေးရုံမှာ ]

ကြည်နူးစာပို့ပြီး သိပ်မကြာခင်မှာပဲ လင်းနေဆီကနေ ပြန်စာဝင်လာတယ်။

[ အဖေကောအဆင်ပြေရဲ့လား ]

[ ခေါင်းကိုခွဲစိတ်လိုက်ရပေမယ့် ဆရာဝန်တွေကတော့ အားလုံးအဆင်ပြေတယ်ပြောတယ်။ ‌သတိလည်းရနေပြီ ကျွန်တော်ဒီကိုရောက်တဲ့အချိန်က ညဘက်ကြီးဆိုတော့  အဖေအိပ်နေလို့ စကားတော့မပြောရ‌သေးဘူး ]

[ ခဏကပဲ အဖေနဲ့ညီမလေးကို ပြန်ခိုင်းလိုက်တာ။ အခု ကျွန်တော်တစ်ယောက်တည်း အဖေကိုဆေးရုံမှာ စောင့်ပေးနေတာ ]

* ဒေါက် ဒေါက် ဒေါက် *

ကြည်နူးစာရိုက်နေတုန်း တံခါးခေါက်သံကြားတာကြောင့် ပေါင်ပေါ်က laptop ကို ဘေးချပြီး တံခါးသွားဖွင့်လိုက်တယ်။ တံခါးဖွင့်လိုက်တဲ့အချိန် အပြင်မှာ ဘယ်သူမှရှိမနေ။ ကြည်နူး အခန်းအပြင်ကို ထွက်ကြည့်လိုက်တော့ လမ်းတစ်လျှောက်လုံး ဘယ်သူမှမရှိပဲ ရှင်းလင်းနေသည်။ ဒီအထပ်က အထူးသီးသန့်အခန်းတွေချည်းပဲမို့ နဂိုကတည်းက ဆူဆူညံညံမရှိပဲ တိတ်ဆိတ်၏။ ရုတ်တရပ် ကြည်နူး တစ်ကိုယ်လုံးကြက်သီးမွေးညှင်းတွေထလာတယ်။

ကြည်နူး ခပ်မြန်မြန်ပဲ အခန်းထဲကိုပြန်ဝင်လိုက်ပြီး အခန်းတံခါးကိုပိတ်ကာ ဆိုဖာပေါ်ပြန်ထိုင်လိုက်တယ်။ ကြည်နူး ကြောက်ကြောက်နဲ့ Headphones ကိုနားမှာတပ်ကာ Hoodie ခေါင်းစွပ်ကိုစွပ်လိုက်တယ်။

အပြန်အလှန်စာပို့နေရင်းကနေ ကြည်နူးကရုတ်တရပ် တိတ်သွားတာမို့ လင်းနေတစ်ယောက် ကြည်နူးဆီကို စာတွေဆက်တိုက်ကိုပို့ထား၏။

[ ကျွန်တော် သရဲခြောက်ခံရလို့ အကို ]

[ ဘယ်လို ]

[ တံခါးခေါက်သံကြားလို့ သွားဖွင့်လိုက်တော့ အပြင်မှာဘယ်သူမှမရှိဘူး ]

[ နူး ထင်ယောင်ထင်မှားဖြစ်တာကော မဖြစ်နိုင်ဘူးလား ]

[ မဟုတ်ဘူး။ ကျွန်တော် တံခါးခေါက်သံ သေသေချာချာကို ကြားလိုက်တာ ]

[ အခုအဲ့ဒီမှာ ဘယ်အချိန်လဲ ]

[ ည 12 နာရီကျော်နေပြီ ]

[ နူး ကြောက်နေရင် ကိုယ်နဲ့ face time ပြောမလား ]

[ ကျွန်တော့်အသံကြောင့် အဖေနိုးသွားလိမ့်မယ် ]

[ အနားမှာ Headphones ရှိလား ]

[ အခုတပ်ထားတာ ]

[ ဒါဆို နူးဘာမှမပြောနဲ့လေ ကိုယ်ပြောတာကိုပဲ နားထောင် ]

လင်းနေကသူငယ်ငယ်တုန်းက‌အကြောင်းတွေကော၊ London မှာ သူကြုံခဲ့ရတဲ့ စိတ်ဝင်စားစရာ၊ရယ်စရာ အကြောင်းတွေကိုပါ စကားဖောင်းဖွဲ့ပြီး ပြောပြနေ၏။

လင်းနေပြောထားတာတွေကို ကြည်နူးနားထောင်ရင်း တဖြည်းဖြည်းနဲ့ ကြောက်စိတ်ပျောက်သွားပေမယ့် မျက်လုံးကလေးတွေမှေးစင်းလာကာ ဆိုဖာနောက်ကိုမှီလျက်ပဲ အိပ်ပျော်သွားတယ်။

ကြည်နူး Laptop အားကုန်ပြီးပိတ်မသွားခင်အထိ လင်းနေ Screen ပေါ်က အိပ်ပျော်နေတဲ့ ကြည်နူးမျက်နှာလေးကို ထိုင်ကြည့်ကာ ပြုံး‌နေခဲ့သည်။

-

မနက်အစောကြီး ဆေးရုံကို ကြည်နူး အမေ ရောက်လာကာ သူဒီမှာရှိနေမှာမလို့ ကြည်နူးကို အိမ်ပြန်အနားယူဖို့ပြောသည်။ ကြည်နူးအမေက ဆေးရုံကိုကိုယ်တိုင်ကားမောင်းလာတာမလို့ ကြည်နူးအမေ့ကားကိုယူကာ အိမ်ကိုပြန်လာခဲ့တယ်။

ကြည်နူး အခန်းတံခါးကိုဖွင့်ဖွင့်ချင်းပဲ မနေ့ညက အမေနဲ့ထည့်ပေးလိုက်တဲ့ သူ့ Luggage ကိုဖွင့်ဖို့ကြိုးစားနေတဲ့ သူ့ညီမ ကြည်ဖြူဖွေး ကိုတန်းမိတော့တာပဲ။

" ဘာလုပ်နေတာလဲ ဖွေးဖွေး "

သူ့အသံကိုကြားကြားချင်း ညီမလေးက လန့်သွားပေမယ့် ခေါင်းကိုမော့ကာ သူ့ကိုကြည့်ပြီး သွားကလေးဖြီးရယ်ပြ၏။

" London အပြန် လက်ဆောင်ရှာနေတာ ဟီးဟီး "

ကြည်နူးအိမ်နဲ့ကြည်ဖြူဖွေးတို့ မောင်နှမက အသက် 10 နှစ်ကွာ၏။

ကြည်နူး သူ့ညီမလေးဘေးမှာထိုင်လိုက်ပြီး Luggage ကိုဖွင့်လိုက်တယ်။ Luggage ကိုဖွင့်လိုက်တဲ့အချိန် ကလေးမလေးရဲ့ မျက်လုံးကလေးတွေက အရောင်တလတ်လတ်။ လက်ထဲလက်ဆောင်ရတော့လည်းအပျော်လွန်ပြီး သူ့အစ်ကိုပါးကိုတောင် နမ်းလိုက်သေးတယ်။

" ကျောင်းသွားရမယ်မဟုတ်လား ဖွေးဖွေး။ မပြင်ဆင်သေးဘူးလား "

" ဒီနေ့ ကိုကိုလိုက်ပို့နော်...မုန့်လည်းဝယ်ပေးရမယ်။ ကိုကို ညီမလေးကိုအကြာကြီးပစ်ထားတာ "

" ဟုတ်ပါပြီခင်ဗျ။ ကိုကို လိုက်လည်းပို့မယ်။ မုန့်လည်းဝယ်ပေးမယ် ဟုတ်ပြီလား "

" အွန်း... "

ဖွေးဖွေးကကြည်‌နူးပေးတဲ့ London အပြန်လက်ဆောင်ကလေးကို လက်ထဲပိုက်ရင်း အခန်းထဲကနေပြေးထွက်သွားတယ်။ ဖွေး

ဖွေးထွက်သွားမှ ကြည်နူးရဲ့ ရေမိုးချိုး အဝတ်အစားလဲပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့တယ်။ အိမ်အောက်ထပ်မှာ စကားပြောသံတွေကြားတာကြောင့် ဘယ်သူလဲလို့ ကြည်နူးကြည့်လိုက်တော့ သူ့ကြီးမေနဲ့အကို့အမေ အန်တီနှင်းဆီတို့ဖြစ်နေကြတယ်။

" ပြောရင်းနဲ့ ကြည့်... ဟိုမှာ ကြည်နူး ဆင်းလာပါပြီ " 

ကြည်နူးလည်း အန်တီနှင်းဆီကိုပြုံးပြကာ ကြီးမေဘေးမှာထိုင်လိုက်တယ်။

" London မှာပျော်ခဲ့ရဲ့လား ကြည်နူးလေး "

" ဟုတ်ကဲ့။ ပျော်ခဲ့ပါတယ်... "

အရင်ကတော့ ‌အမေ့သူငယ်ချင်းမို့ အန်တီနှင်းဆီကအဒေါ်တစ်ယောက်လိုပဲဆိုပေမယ့် အခုကျ သူနဲ့အကို့ရဲ့ပတ်သက်မှုကြောင့် အန်တီနှင်းဆီကို ကြည်နူးကြောက်နေမိတယ်။

အန်တီနှင်းဆီက သူနဲ့အကို့ရဲ့ဆက်ဆံရေးကို လက်ခံနိုင်ပါ့မလား...။ ကြည်နူးတွေး‌မိလေလေ အန်တီနှင်းဆီကို ပိုကြောက်လာမိတယ်။

" ကိုလင်းကကြည်နူးလေးကို ဂရုစိုက်ရဲ့လား "

" ဟုတ်ကဲ့။ ဂရုစိုက်ပါတယ် "

" ဘယ်လိုဂရုစိုက်တာလဲ "

" ဗျာ "

ကြည်နူး ဘယ်လိုပြန်ဖြေလို့ဖြေရမှန်းတောင်မသိတော့ဘူး။

" သားကိုနေရာအစုံလိုက်ပို့ပေးရဲ့လားလို့ "

" အာ...ပို့ပေးပါတယ်ဗျ "

" အန်တီသားကိုသဘောကျရဲ့လား "

" ဗျာ "

" ဪ အန်တီပြောချင်တာက အန်တီသားလိုက်ပို့ပေးတဲ့နေရာတွေကို သဘောကျရဲ့လားလို့ "

" ဟုတ်ကဲ့။ သဘောကျပါတယ် "

အန်တီနှင်းဆီကတော့ သဘောရိုးနဲ့မေးတာဆိုပေမယ့် သဘောမရိုးနဲ့သူကတော့ ကိုယ့်ဟာကိုယ်ဖြေပြီး စိတ်မလုံမလဲနဲ့ လက်ချွေးတွေပါပြန်လာတယ်။

" ကိုကို ညီမလေးပြီးပြီ သွားရအောင် "

အဲ့ဒီအချိန်မှာပဲ အိမ်ပေါ်ထပ်ကနေဆင်းလာတဲ့ ကယ်တင်ရှင်ဖွေးဖွေးကျေးဇူးနဲ့ ကြည်နူး အန်တီနှင်းဆီ အရှေ့ကနေထွက်လာနိုင်ခဲ့တယ်။

သူ့မှာ ညီမလေးကိုကျောင်းပို့ပြီးတာတောင် အိမ်ပြန်ရင် အန်တီနှင်းဆီရှိနေသေးမှာစိုးလို့ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေကို တွေ့ဖို့ လှမ်းချိန်းလိုက်တယ်။

" ပြောပြဦး နင့်ရဲ့ London Love Story အကြောင်းတွေ "

သူ့သူငယ်ချင်းမလေး ငြိမ်းဇာဖြိုးရဲ့စကားကြောင့် ကြည်နူးမျက်မှောင်ကုတ်သွားတယ်။

" ဘာကို London Love Story လဲ "

" ဟျောင့် မသိချင်ယောင်ဆောင်မနေနဲ့ မင်း အသည်းကွဲလို့ လန်ဒန်သွားတာ ဘဲရပြီးပြန်လာတဲ့အကြောင်းလေ။ ငါတို့ကို ဟိုကောင် Joe ကအကုန်ပြောပြီးပြီနော် မင်းငြင်းဖို့မကြိုးစားနဲ့  " 

ငြိမ်းဇာဖြိုးဘေးက ရန်ချင်းပြည့်စုံ ရဲ့စကားကြောင့် ကြည်နူးမျက်နှာရှိန်းခနဲဖြစ်သွားတယ်။

ဟုတ်သားပဲ...Joe,Joe!! Paris မှာတုန်းက Joe နဲ့ တွေ့ခဲ့တာကို ကြည်နူးမေ့ပြီး London ကသူတို့အကြောင်းတွေကို ဒီနှစ်ယောက်ကဘယ်လိုသိလဲတွေးနေသေးတာ။ Paris ကနေ မြန်မာပြည်ကိုအထိသူ့အကြောင်းတွေ လှမ်းပြောဖို့ Joe မှာ အချိန်တော်တော်ပေါနေပုံပဲ။

" မင်းတို့အကုန်သိပြီးပြီဆိုတော့...ငါ့ကို မင်းတို့သူငယ်ချင်းအနေနဲ့ လက်ခံနိုင်သေးလား "

ကြည်နူးက သူ့သူငယ်ချင်းနှစ်ယောက်ကို

စိုးရမ်တဲ့အကြည့်တွေနဲ့ကြည့်ကာ မေးသည်။

" နင့်စကားက ဘာလဲ ကြည်နူး။ ငါတို့က အခုမှပေါင်းလာတာလဲမဟုတ်ဘူး။ ငါတို့အချင်းအချင်းက ငါတို့မိဘတွေထက်တောင် တစ်ယောက်ကိုတစ်ယောက် နားလည်သေးတယ်။ နင့်ဘာသာနင် ဘာကြီးပဲဖြစ်နေနေ နင်ကငါတို့အတွက်တော့ သူငယ်ချင်းပဲ ဘာမှမပြောင်းလဲသွားဘူး... ဟုတ်တယ်မလား ရန်ချင်း "

" အင်း "

အရှေ့မှာငြိမ်းဇာက သူ့ကိုယ်စားပါ အများကြီးပြောသွားပြီးပြီမို့ ရန်ချင်းက ငြိမ်းဇာပြောတာကိုပဲ ထောက်ခံလိုက်တယ်။

" ပြေးကြည့်မှ ဒီသူငယ်ချင်းလေး သုံးယောက်တည်းရှိတဲ့ဟာ... "

သူ့ဘက်မှာရှိနေပေးတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် ကြည်နူး မျက်ရည်တွေဝဲလာတယ်။

" ငိုချင်ရင်နောက်မှငို ပြောပြစမ်းပါ နင့်လန်ဒန်သားအကြောင်း "

ငြိမ်းဇာဆက်ပြောတဲ့စကားကြောင့် ကြည်နူးရဲ့ထွက်ကျတော့မယ့် မျက်ရည်တွေတောင် ပြန်ဝင်သွားတယ်။

" ငါအမေ့သူငယ်ချင်းသားအိမ်မှာ နေတာလို့ပြောခဲ့တယ်မလား... သူက အန်တီနှင်းဆီရဲ့သားလေ။  ငါတို့က ဒီတိုင်း တစ်ယာက်နဲ့တစ်ယောက် အနေနီးလို့ သဘောကျသွားမိတာ...ဘာမှ ထူးထူးခြားခြားပြောစရာမရှိဘူး "

" အနေနီးတိုင်းသာ ကြိုက်မယ်ဆို မင်းနဲ့ငါကြိုက်တာ ကြာလှပေါ့ "

ရန်ချင်းကပတ်ခနဲပြန်ပြောသည်။

" အေးလေဟယ် အနေနီးတိုင်သာဆို နင်နဲ့ငါလည်း ကြိုက်တာ ကြာလှပေါ့။ ငါတို့နဲ့ဆို အနေနီးတာ နှစ်နဲ့တောင်ချီနေပြီကိုး..နော့် ရန်ချင်း "

အန်တီနှင်းဆီကိုကြောက်လို့ သူတို့ဆီလာပါတယ်ဆိုမှ သူတို့က ပိုတောင်ဆိုးနေတယ်။  ကြည်နူး လေလိုသာပျောက်ကွယ်သွားချင်မိတော့တယ်။

" နင်တို့နှစ်ယောက်ဘယ်လိုဖြစ်နေကြတာလဲ! ငါကနင်တို့ဘာကိုပြောပြရမှာလဲ "

" နင် London မှာဖြစ်ခဲ့တာတွေအကုန်ပြောပြလေ "

" ငါ London မှာ တစ်ရက်၊နှစ်ရက်တည်း နေခဲ့တာလဲမဟုတ်ဘူး။ အကုန်ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်တွေဖြစ်ကုန်မှာပေါ့  "

" ရတယ်။ တစ်ထောင့်တစ်ညမကလို့ နှစ်ထောင့်တစ်ညပဲဖြစ်ဖြစ် ပြောဟာ "

" မင်းတို့ကနားထောင်နိုင်ပေမယ့် ငါကတော့မပြောနိုင်ဘူး။ တော်တော်အရစ်ရှည်ဟာလေးတွေ။ ငါပြန်တော့မယ် "

သူ့သူငယ်ချင်းနှစ်ယောက်ကိုထားခဲ့ကာ ကြည်နူး ဆိုင်ထဲကနေ ထထွက်သွားတယ်။

" ဟဲ့ ဘယ်သွားတာလဲ! ဟဲ့ နေဦးလေ...ဟဲ့ ကြည်နူးအိမ်!! ကြည်နူးအိမ်..!!"

" ခေါ်မနေနဲ့တော့ နင့်အဖေက ဆိုင်အပြင်တောင် ရောက်နေပြီ။ နားငြီးတယ် ပါးစပ်ပိတ်ထားတော့ "

တစ်ဟဲ့၊ဟဲ့နဲ့လှမ်းခေါ်နေတဲ့ ငြိမ်းဇာတစ်ယောက် ရန်ချင်းပြောလိုက်မှ အသံတိတ်သွားတော့သည်။ တကယ်လည်း ကြည်နူးကကားမောင်းကာ ထွက်တောင်သွားပြီ။

[text_hash] => cbdb36f1
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...