Array
(
[text] =>
Episode - 11
-
-
-
-
-
-
-
" ကဲ ပြောစမ်းပါဦး။ ကျွန်တော့်မွေးရပ်မြေက London ကျွန်တော်က London မှာပဲနေမှာဆိုတဲ့သူက ဘာမပြောညာမပြောနဲ့ မြန်မာပြည်ကိုရောက်လာရတာလဲ "
" အမေ့ကိုလွမ်းလို့လေ "
သူ့သား လင်းနေရောင်ဦးရဲ့စကားကြောင့် ဒေါ်နှင်းဆီရဲ့မျက်နှာက မဲ့ရွဲ့သွားတယ်။
" အပိုတွေပြောမနေစမ်းပါနဲ့ဟယ်။ နင့်ကိုငါမွေးထားတာပါ။ နင့်အကြောင်းငါမသိရင်ခက်မယ်။ ပြော ဒီမှာ ဘာကိစ္စရှိလို့လဲ "
" ဘာကိစ္စမှမရှိပါဘူး။ ဒီအတိုင်း အမေတို့ကိုလွမ်းလို့လာတာပါဆို! ကျွန်တော်ဘယ်မှာနေရမှာလဲ မဟုတ်လဲ Hotel ထဲမှာပဲသွားနေတော့မယ် "
" ဘာမှမမေးတော့ဘူးအေ။ ဘာမှမမေးတော့ဘူး...! အနောက်ကလိုက်ခဲ့ အခန်းလိုက်ပြပေးမယ် "
လင်းနေ Luggage ကိုသယ်ကာ သူ့အမေအနောက်ကိုလိုက်သွားသည်။ သူက ဘယ်သူဘာပြောပြော သူ့ဘဝသူပိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့လူမို့လို့ ကြည်နူးနဲ့အကြောင်း ရဲရဲဝံ့ဝံ့ဝန်ခံနိုင်ပေမယ့်လည်း ကြည်နူးဘက်ကအဆင်ပြေ၊မပြေကို မသိတာကြောင့် အခုအချိန်မှာ ဘာမှမပြောထားတာက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်ထင်သည်။
သူက ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကြည်နူးအိမ်ကသူ့ချစ်သူပါလို့ ပြောနိုင်တယ်။ ဒါပေမယ့် ကြည်နူးအတွက် ဒါက အချိန်လိုမယ်ဆိုရင်တော့ သူစိတ်ရှည်ရှည်နဲ့စောင့်ပေးမှာပါ။ သူက စိတ်မရှည်တဲ့လူစားမျိုးဖြစ်ပေမယ့်ပေါ့...။
မိသားစုနဲ့အတူတူ ညစာစားပြီးနောက် ကြည်နူး ကိုယ့်အခန်းထဲကိုယ်ဝင်လာခဲ့တယ်။ စာကြည့်စားပွဲအရှေ့မှာ ထိုင်လိုက်ပြီး ဗီဿနိုးကနေသူရလာတဲ့ အချက်အလက်တွေကိုစုဆောင်းကာ စာတမ်းအတွက် စတင်ပြင်ဆင်၏။
တစ်ခါတလေ စာလုပ်ရတာ ပင်ပန်းလွန်းလို့ လက်လျော့ချင်စိတ်ဖြစ်ပေမယ့် ဒါက သူ့အိမ်မက်ပဲမို့ လက်လျော့လိုက်လို့မဖြစ်ဘူး။ cambridge ကိုရောက်ကိုရောက်ရမယ်။ သူသဘောကျတဲ့ ပညာရပ်ကို ပိုလေ့လာချင်တယ်။
မနက်မိုးလင်းခံနီးမှ ကြည်နူးအိပ်တာပေမယ့် 7 နာရီလောက်ကျ အမေကသူ့ကိုနှိုးဖို့ ညီမလေးကိုလွှတ်လိုက်တာကြောင့် ကြည်နူး 2 နာရီလောက်သာအိပ်လိုက်ရတယ်။ ကြည်နူး အိမ်အောက်ကိုရောက်တော့ သူ့သူငယ်ချင်းနှစ်ယောက်ကလည်းရောက်နေကြသည်။ ငြိမ်းဇာဖြိုးနဲ့ ရန်ချင်းပြည့်စုံက ထမင်းစားခန်းထဲမှာ ထိုင်နေ၏။
" စောစောစီးစီး မင်းတို့က ငါ့အိမ်ကိုဘာလာလုပ်ကြတာလဲ "
ငြိမ်းဇာနဲ့ရန်ချင်း ဘာမှမပြောခင်မှာပဲ ကြည်နူးအမေက ဟင်းရည်ပန်းကန်လုံးကိုကိုင်ကာ မီးဖိုခန်းထဲကနေထွက်လာ၏။
" သူတို့ကိုအမေခေါ်ထားတာလေ ဒီနေ့အိမ်မှာ မုန့်ဟင်းခါးချက်လို့။ သားကော စားတော့မလား "
ကြည်နူးခေါင်းညိတ်ကာ ငြိမ်းဇာနဲ့ရန်ချင်းအရှေ့မှာ ဝင်ထိုင်လိုက်တယ်။
" စားပြီးရင် နှင်းဆီတို့အိမ်ကို သွားပို့ပေးဦးနော်။ သားလင်း London ကနေ ရောက်နေတယ်တဲ့ "
ကြည်နူးအမေရဲ့စကားကြောင့် ငြိမ်းဇာနဲ့ရန်ချင်းရဲ့အကြည့်က ကြည်နူးဆီကိုဒုန်းခနဲရောက်လာတယ်။ ကြည်နူးအမေထွက်သွားမှ ငြိမ်းဇာက အသံတိုးတိုးဖြင့်...
" နင့် London boy ရောက်နေတာလား "
" အင်း "
" မုန့်ဟင်းခါးသွားပို့ရင် ငါတို့လည်းလိုက်မယ်နော် "
" သဘော၊သဘော "
မခေါ်လည်း မရမကလိုက်ကြမယ့်ဟာတွေမို့ ကြည်နူးလေကုန်ခံပြီ ငြင်းမနေတော့ဘူး။
သုံးယောက်သား မုန့်ဟင်းခါးစားပြီးနောက် အန်တီနှင်းဆီတို့အိမ်ကို မုန့်ဟင်းခါးသွားပို့ရန် ကားဖြစ်ထွက်လာကြတယ်။ ကြည်နူးကတော့ ကားမောင်းပြီး ဘေးမှာ ရန်ချင်းကထိုင်တယ်။ အနောက်မှာတော့ ငြိမ်းဇာက မုန့်ဟင်းခါးချိုင့်ကိုကိုင်ကာ ထိုင်၏။
ကြည်နူးဘေးက ရန်ချင်းကအသံတိတ်နေ
ပေမယ့် အနောက်က ငြိမ်းဇာက ကြည်နူးကိုတစ်ခုပြီးတစ်ခုမေးနေတာကြောင့် ကြည်နူး
" ငါကားမောင်းနေတယ်လေ ငြိမ်းဇာ! နင့်ကြောင့် အာရုံစိုက်မရဘူး အကုန်သေကုန်တော့မှာပဲ "
လို့ ငေါက်လိုက်တော့မှ ပါးစပ်ပိတ်သွားတော့တယ်။
ဒေါ်မိမိမော်က သူ့သူငယ်ချင်းကို ဖုန်းကြိုဆက်ထားတာမို့ ကြည်နူးတို့ကာ ခြံအရှေ့ရောက်တာနဲ့ ခြံစောင့်ကကားတံခါးဖွင့်ပေး၏။ ဒေါ်နှင်းဆီကလည်း ကြည်နူးကို အိမ်အဝထိလာကြို၏။
ကြည်နူးကားပေါ်ကနေ ဆင်းလာတာနဲ့ ဒေါ်နှင်းဆီက ပြုံးကာ ကြည်နူးအနားကိုရောက်လာပြီး ကြည်နူးရဲ့လက်ကိုကိုင်လိုက်တယ်။
" သားအစ်ကိုမနေ့ကပဲ ရောက်နေတာ။ ရုတ်တရပ်ကြီး ဘာစိတ်ကူးပေါက်ပြီး ရောက်လာမှန်းကိုမသိဘူး "
အကြောင်းအရင်းကိုသိနေတဲ့ ကြည်နူးတစ်ယောက်ကတော့ အင်တင်တင်ပြုံးထားရတယ်။
" မုန့်ဟင်းခါး အန်တီ။ အမေပို့ခိုင်းလိုက်တာ "
အိမ်ထဲကိုရောက်မှ ငြိမ်းဇာလက်ထဲက မုန့်ဟင်းခါးချိုင့်ကိုယူကာ ကြည်နူး ဒေါ်နှင်းဆီကိုပေးလိုက်တယ်။
" အန်တီလည်း မော့်လက်ရာ မုန့်ဟင်းခါးစားချင်နေတာနဲ့ အတော်ပဲ။ သားမေမေကို အန်တီက ကျေးဇူးတင်ကြောင်း ထပ်ပြောပေးပါဦး "
" ဟုတ်ကဲ့။ အန်တီ ကျွန်တော်ပြန်ပြောလိုက်ပါ့မယ် "
" ကြည်နူးလေး အပေါ်ထပ်မှာ သားအစ်ကိုကို့သွားနှိုးပေးပါလား။ အိပ်ရာအပြောင်းမလဲကြောင့် ဒီကောင်လေး ညကတော်တော်နဲ့အိပ်မရဘူးထင်တယ်။ အခုထိမနိုးသေးဘူး "
ကြည်နူး ကူကယ်ရာမဲ့သလိုမျက်နှာနဲ့ သူ့သူငယ်ချင်းတွေကိုကြည့်လိုက်တော့ ဟိုနှစ်ယောက်က သူ့ကို ' သွားလေ ' ဆိုပြီး မျက်စပစ်ပြနေ၏။
ကြည်နူးလည်း မသက်သာတဲ့အဆုံးခေါင်းညိတ်လိုက်ရတယ်။ London မှာတုန်းကလို အကိုနဲ့သူ နှစ်ယောက်တည်းဆို ကြည်နူး အကိုအခန်းထဲဝင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်။ အခုက သူတို့အကြောင်းကိုဘာမှမသိတဲ့ အကို့မိဘအိမ်မှာလေ။ ကြည်နူးမှာ သူတို့အကြောင်းကိုသိသွားမှာကိုလည်း ကြောက်နေရတယ်။
" ညာဘက်က ပထမမြောက်အခန်းနော် ကြည်နူးလေး "
ကြည်နူးခပ်နှေးနှေးခြေလှမ်းတို့ဖြင့် လှေကားအတိုင်းအိမ်ပေါ်ထပ်ကိုတက်လာခဲ့တယ်။ အန်တီနှင်းဆီပြောတဲ့ အခန်းရှေ့ကိုရောက်တော့ ကြည်နူး တံခါးကိုအသာလေးဖွင့်ကာ အထဲကိုဝင်လာခဲ့တယ်။ အခန်း Aircon ကတအားကိုအေးစိမ့်နေ၏။ မြန်မာပြည်မှာလည်း ဆောင်းရာသီဆိုပေမယ့် London မှာလို နှင်းကျတဲ့အေးမှမအေးပဲ။ ကုတင်ပေါ်က အကိုကတော့ စောင်ခြုံကအိပ်ပျော်နေတုန်းပဲ။ ကြည်နူး ကုတင်အနားကိုကပ်သွားသည်။
" အကို... "
ကြည်နူး ကုတင်အနားကိုရပ်တုန်းရှိသေး အိပ်နေတဲ့ အကိုကကြည်နူးလက်လှမ်းဆွဲလိုက်တာမို့ ကြည်နူးလန့်ပြီး အိပ်ရာပေါ်လဲကျသွား၏။
" အကို!! "
ကြည်နူးကလန့်သွားမို့ အသံမာမာနဲ့အော်လိုက်ပေမယ့် အကိုကတော့ ကြည်နူးမျက်နှာကိုကြည့်ပြီး ပြုံးနေသည်။
" အကိုဆက်ပြုံးနေရင်း ကျွန်တော်စိတ်ဆိုးလိုက်မှာနော်။ ကျွန်တော်တအားလန့်သွားတာဗျ "
လင်းနေရဲ့ရင်ဘတ်ကို တွန်းလိုက်ပြီး ကြည်နူး ထထိုင်လိုက်တယ်။ ကြည်နူးစိတ်ဆိုးမှာကို စိုးရိမ်သွားတဲ့ လင်းနေကလည်း ချက်ချင်းထထိုင်လိုက်၏။
" ကိုယ်တောင်းပန်ပါတယ် နူး။ စိတ်မဆိုးနဲ့နော်...ကိုယ်မှားပါတယ်...နော်.. "
အကိုတောင်းပန်တော့ ကြည်နူးကြာကြာ မမူနိုင်။ အစကတည်းက သူမှစိတ်မဆိုးပဲ။
" အွန်း...ကျွန်တော်စိတ်မဆိုးတော့ဘူး... "
" အခုမှမနက်ခင်းပဲရှိသေးတာကို နူးကဘာလို့ ဒီကိုရောက်နေတာလဲ။ ဘာလဲ ကိုယ့်ကိုတွေ့ချင်လို့လား။ကိုယ့်ကိုအရမ်းလွမ်းနေတာပေါ့လေ...ဟမ်..နူး "
" အကိုနော်! "
" ဘာလဲ ကိုယ်ပြောတာမှန်နေလို့လား "
" မဟုတ်ပါဘူးနော်! ဒီနေ့အိမ်မှာ မုန့်ဟင်းခါးချက်တာ။ အမေက အန်တီနှင်းဆီကို ပို့ခိုင်းလိုက်လို့ လာပို့တာ အန်တီနှင်းဆီက ကျွန်တော့်အမေချက်တဲ့ မုန့်ဟင်းခါးကိုအရမ်းကြိုက်တာလေ။ အိမ်မှာချက်တိုင်း လာပို့နေကျ "
" မုန့်..ဟင်းခါး "
" အင်း။ မုန့်ဟင်းခါး အကို စားဖူးလား "
" ငယ်ငယ်က အမေချက်တာစားဖူးတယ်။ ကိုယ်တော့မကြိုက်ဘူး "
" ကျွန်တော်ကမုန့်ဟင်းခါးဆိုအရမ်းကြိုက်တာ။ အမေ့လက်ရာကလည်း အရမ်းကောင်းတာလေ။ ခုနကလေးတင် အိမ်မှာ နှစ်ပွဲတောင်စားခဲ့တာ "
" အကို မြန်မြန်မျက်နှာသစ်တော့လေ အောက်မှာ အန်တီစောင့်နေတယ်။ ကျွန်တော်လည်း ပြန်တော့မယ် သူငယ်ချင်းတွေပါ ပါလာလို့ "
" မသွားခင် ကိုယ့်ကိုနမ်းသွားပါဦး "
" ဘယ်လိုဖြစ်နေတာလဲ အကိုနော်! "
" မနော်နဲ့ နမ်းပါဆိုကွာ "
" မနမ်းချင်ပါဘူး။ မျက်နှာတောင်မသစ်ရသေးတဲ့ဟာ။ ညစ်ပတ်တယ် "
" အဲ့တာဆို ကိုယ်မျက်နှာသစ်ပြီးတဲ့အထိစောင့်နေကွာ "
" ဘာလို့ စောင့်ရမှာလဲ။ မစောင့်နိုင်ပါဘူး။
သွားပြီ သွားပြီ "
ကြည်နူး လင်းနေရဲ့အခန်းထဲကနေ လျစ်ခနဲပြေးထွက်သွားတယ်။ လင်းနေမှာ လက်လှမ်းဆွဲချိန်တောင်မရလိုက်။
ကြည်နူးအိမ်အောက်ကိုရောက်တော့ အန်တီနှင်းဆီကိုနှုတ်ဆက်ပြီး ပြန်ဖို့ပြင်နေပေမယ့် ငြိမ်းဇာက ကြည်နူးအနားကပ်ကာ အသံတိုးတိုးဖြင့်...
" နင့်လန်ဒန်သားနဲ့မိတ်မဆက်ပေးတော့ဘူးလား "
လုပ်နေလို့ သူ့မှာအတင်းဆွဲခေါ်ပြီး အန်တီနှင်ဆီတို့အိမ်ထဲကနေထွက်လာခဲ့ရတယ်။
လင်းနေ အိမ်အောက်ကိုရောက်တော့ ကြည်နူးကပြန်သွားပြီး။ လင်းနေလည်း မနက်စာစားဖို့ ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူ့အဖေကောအမေပါရှိနေတော့ ဒါက အကြာကြီးနေမှ သူတို့မိသားစုလက်စုံစားတာပဲ။
" မုန့်ဟင်းခါးစားမလား ကိုလင်း။ ခဏကပဲ ကြည်နူးလေးလာပို့ထားတာ "
လင်းနေအတွေးထဲ " ကျွန်တော်ကမုန့်ဟင်းခါးဆိုအရမ်းကြိုက်တာ... " လို့ပြောခဲ့တဲ့ ကြည်နူးရဲ့ ပုံရိပ်ကလေးကိုပြန်မြင်ယောင်လာတယ်။
" စားမှာလား ကိုလင်း "
" အင်း။ စားမယ် "
လင်းနေ အဖေဦးလင်းမင်းသူ မျက်ခုံးတစ်ဖက်ပင့်တက်သွားတယ်။ သူသိသလောက်ဆို သူ့သားက မုန့်ဟင်းခါးမကြိုက်ဘူးမဟုတ်လား။ငယ်ငယ်က တစ်ခါလေးကျွေးမိတာ အန်ပါအန်ထုတ်ပစ်တာလေ။ အဲ့ဒီကတည်းက မုန့်ဟင်းခါးဆိုဘယ်လိုကျွေးကျွေး မစားတော့တာ။
" ဒါ မုန့်ဟင်းခါးနော် သား။ မင်းမကြိုက်တဲ့ မုန့်ဟင်းခါး...သိတယ်မဟုတ်လား "
" ကျွန်တော်သိပါတယ်။ ဒီအတိုင်း စားကြည့်ချင်လို့... "
ဦးလင်းမင်းသူလည်း ဘာမှဆက်မပြောတော့ဘူး။ မုန့်ဟင်းခါးစားမယ့် သူ့သားကိုဆက်စောင့်ကြည့်နေ၏။
လင်းနေ ဇွန်းနဲ့ မုန့်ဟင်းခါး နည်းနည်းခပ်ယူလိုက်ပြီး စစားကြည့်၏။ သူစားနေတာကိုလည်း သူ့အဖေနဲ့အမေကစောင့်ကြည့်နေကြသည်။ ငယ်ငယ်ကလို အန်ထုတ်ပစ်မှာကို စိုးရိမ်နေကြပုံပဲ။
မုန့်ဟင်းခါးတစ်ဇွန်းစားပြီးနောက် လင်းနေ မျက်လုံးအရောင်တောက်သွားတယ်။ စားလို့အရမ်းကောင်းတာပဲ...။
လင်းနေ တစ်ပန်းကန်လုံးကို အကုန်ပြောင်နေအောင် စားလိုက်လို့ အဖေနဲ့အမေက အံ့ဩနေကြသေးတယ်။
လင်းနေသေသေချာချာမှတ်မိတယ်။ ငယ်ငယ်က သူ့အမေချက်ကျွေးတဲ့ မုန့်ဟင်းခါးကို သူလုံးဝမကြိုက်ဘူး။ အဲ့ဒီတုန်းကချက်တဲ့ သူ့အမေရဲ့ မုန့်ဟင်းခါးကပဲ မကောင်းတာလား၊ အခု သူ့အနာဂတ်ယောက္ခမချက်တဲ့ မုန့်ဟင်းခါးကပဲ အကောင်းလွန်းနေတာလား...။
သေချာတာကတော့ မုန့်ဟင်းခါးမကြိုက်ဘူးဆိုတဲ့ သူ့စကားကိုပြန်ရုတ်သိမ်းရတော့မှာပဲ။
နောက်ဆို ကြည်နူးကြိုက်တဲ့ မုန့်ဟင်းခါးကို ကြည်နူးနဲ့အတူတူစားလို့ရပြီ...။
[text_hash] => 5c95e81b
)
What do you think?