Chapter 13: Episode [ 12 ]

Array
(
[text] =>

Episode - 12

-

-

-

-

-

-

-

မနေ့ညက ကြည်နူးဆီကို အန်တီနှင်းဆီကဖုန်းဆက်တယ်။ အန်တီနှင်းဆီက...

" သားအားလား။ အားရင် မနက်ကျ သားအစ်ကို့ကို ဘုရားလိုက်ပို့ပေးပါလား " တဲ့။

ဘုရားသွားမှာမလို့ ကြည်နူး မနက်စောစောအိမ်ကနေထွက်လာခဲ့တယ်။ ကြည်နူးခါတိုင်းလို လူငယ်စတိုင်ပေါ့ပေါ့ပါးပါးမဟုတ်တော့ပဲ လည်ကတုံးအဖြူလက်ရှည်နဲ့ ပုဆိုးဝတ်ထား၏။ အန်တီနှင်းဆီတို့အိမ်ကိုရောက်တော့ ကြည်နူး အိမ်အောက်က ဧည့်ခန်းထဲထိုင်ကာ လင်းနေကိုစောင့်နေသည်။

အိမ်ပေါ်ထပ်ကနေ ဆင်းလာတဲ့ လင်းနေကိုတွေ့တော့ ကြည်နူး မျက်နှာပြုံးစိစိဖြစ်သွားတယ်။ လင်းနေကကြည်နူးလိုပဲ လည်ကတုံးအဖြူလက်ရှည်နဲ့ ပုဆိုးဝတ်ထား၏။ ပုဆိုးဝတ်နေကျမဟုတ်တော့ ‌လင်းနေကလမ်းလျှောက်တာ အသားမကျသေးတော့ ကိုးရိုးကားရားဖြစ်နေသည်။

အကို့အနားကို ကြည်နူးရောက်မှ ပုဆိုးမှာပတ်ထားတဲ့ ခါးပတ်ကိုတွေ့ပြီး ကြည်နူး အံ့ကြိတ်ရယ်လိုက်တယ်။

" နူး! မရယ်နဲ့ကွာ။ ကိုယ်ကကျွတ်ကျမှာစိုးလို့ "

အကို့မျက်နှာက ခပ်တည်တည်ဖြစ်နေတာကြောင့် ကြည်နူးရယ်တာကိုအရှိန်သတ်လိုက်တယ်။

" မဟုတ်ဘူး။ ကျွန်တော်ကငယ်ငယ်ကကျောင်းကပွဲအကြောင်းတွေးမိသွားလို့... "

" ကျောင်းကပွဲတွေမှာဆို ကလေးငယ်ငယ်လေးတွေက မြန်မာဝတ်စုံကလေးတွေဝတ်ပြီးကရတာလေ။ ကလေးတွေဆိုတော့ စင်ပေါ် ပုဆိုးကျွတ်ကျမှာစိုးလို့ အခုလိုပဲ ဆရာမတွေက ခါးပတ်ပတ်ပေးထားတာ။ ဘယ်လောက်ခုန်ခုန်မကျွတ်‌ကျတော့ဘူး "

" အခုကိုယ့်ကိုအဲ့ဒီကလေးတွေနဲ့ယှဉ်ကြည့်နေတာလား "

" အမ်...မဟုတ်ပါဘူး။ မျက်နှာကြီး ပုတ်မထားနဲ့လေဗျာ။ ကျွန်တော်က ချစ်စရာကောင်းတယ်ထင်မိလို့ပါ "

" စိတ်ဆိုးသွားတာလား။ ဟင်...အကို... "

" ကလေးမှမဟုတ်တာ။ မဆိုးဘူး "

" ရုပ်ကစိတ်ဆိုးနေတဲ့ရုပ်ကြီးဟာကိုး "

" မဆိုးပါဘူးဆို! "

" ဒါဆို ပြုံးပြလေ "

လင်းနေကကြည်နူးကိုတစ်ချက်ကြည့်လိုက်ပြီး သွားစိကာပြုံးပြ၏။ ကြည်နူးမျက်လုံးထဲ သွားဆေးခန်းမှာ ကလေးတွေ သွားဆရာဝန်ကို သွားစိပြတဲ့ပုံစံကိုသွားပြေးမြင်ပြန်တယ်။

ပြောလိုက်ရင် ထပ်စိတ်ဆိုးသွားမှာစိုးလို့ ကြည်နူးစိတ်ထဲမှာပဲထားလိုက်၏။

" နေမမြင့်ခင် သွားရအောင်။ မဟုတ်ရင် ကြွေပြားတွေက ပူနေလိမ့်မယ် "

လင်းနေနဲ့ကြည်နူး အိမ်ထဲကနေထွက်လာကြတယ်။ ကြည်နူးက ကားမောင်းပြီး လင်းနေက ဘေးမှာထိုင်၏။ ရွှေတိဂုံဘုရားကိုရောက်တော့ ကြည်နူးက လင်းနေကို ကားပေါ်မှာဖိနပ်ချွတ်ထားခဲ့ဖို့ပြောပြီး နှစ်ယောက်အတူတူ ဘုရားပေါ်တက်လာကြတယ်။

မနက် 7 နာရီကျော်ပဲရှိသေးတာမို့ နေသိပ်မမြင့်သေး။ ဒီအချိန်လောက်က ဘုရားဖူးဖို့ အသင့်တော်ဆုံးပင်။

" အကိုဘာနေ့သားလဲ "

" စနေ "

" အဲ့တာကြောင့် စိတ်ကြီးတာကို "

လင်းနေကကြည်နူးစကားရဲ့ဆိုလိုရင်းကိုနားမလည်။

ကြည်နူးကအရှေ့ကနေလျှောက်ကာ လင်းနေကို စနေနံထောင့်ကိုခေါ်သွား၏။ ကြည်နူးက တနင်္လာသားမို့ စနေနံထောင်မှာ လင်းနေ ဘုရားရှိခိုးနေတုန်း ဘေးမှာထိုင်စောင့်ပေး၏။ ဘုရားရှိခိုးပြီးနောက် ကြည်နူးကလင်းနေကို ဘုရားမှာ အသက်စေ့ဘုရားရေသပ္ပာယ်ဖို့ကိုလည်း‌ သင်ပေး၏။

တနင်္လာနံထောင့်ကိုရောက်တော့ ကြည်နူးဘုရားရှိခိုးနေတုန်း လင်းနေကဘေးမှာစောင့်ပေးသည်။ ကြည်နူးက လင်းနေလို ဦးသုံးကြိမ်ချရုံနဲ့မပြီးပဲ အကြာကြီး ဘုရားစာရွတ်ဆုတောင်းနေတာကြောင့် လင်းနေ ကြည်နူးရဲ့အေးအေးချမ်းချမ်းမျက်နှာကလေးကို ငေးကြည့်လို့မဝ။ သူလုပ်နေကြအတိုင်း ဓာတ်ပုံကလေးလည်း ရိုက်‌ထားသေးတယ်။ လင်းနေရဲ့ Gallery ထဲမှာတော့ ကြည်နူးပုံတွေနဲ့ပဲ ပြည့်နေတာ။

တဖြည်းဖြည်းနဲ့ နေလည်းမြင့်လာပြီးမို့ ကြည်နူးတို့နှစ်ယောက် ဘုရားပေါ်ကနေဆင်းလာခဲ့တယ်။ နှစ်ယောက်လုံး ဘာမှမစားရသေးတာကြောင့် ကြည်နူး အကို့ကိုမြန်မာ့ရိုးရာမုန့်တွေ အစုံရတဲ့ ဆိုင်ကိုခေါ်လာခဲ့လိုက်တယ်။ သိပ်ကိုစားကောင်းတဲ့ မြန်မာမုန့်တွေကို အကို့ကို မြည်စမ်းကြည့်စေချင်၏။

ဆိုင်ကိုရောက်တော့ အကိုက ကြည်နူးကိုပဲမှာခိုင်းတယ်။ ပုံမှန်ဆို အဓိကစားချင်တာကိုပဲ မှာတက်ပေမယ့် ကြည်နူးကြိုက်တာတွေအကုန်လုံး အကို့ကိုစားကြည့်စေချင်တာကြောင့် ဟိုတစ်ပွဲ၊ဒီတစ်ပွဲနဲ့ နှစ်ယောက်စာက 10 ယောက်စာလောက်ကိုဖြစ်သွားတယ်။

ပထမဦးဆုံးလာချတာ‌‌ကတော့ လက်ဖက်ရည်။ လက်ဖက်ရည်က London မှာ အကိုသောက်နေကျ ကော်ဖီခါးခါးတွေနဲ့မတူတာကြောင့် အကိုကြိုက်လောက်ပါ့မလားမသိ။

" ဒါက ဘာလဲ နူး "

" လက်ဖက်ရည်...မြန်မာလက်ဖက်ရည်။အမ်... Burmese milk tea လို့လဲပြောလို့ရတယ်။ သူက ကော်ဖီလိုခါးခါးကြီးမဟုတ်ဘူး။ ချိုချိုစိမ့်စိမ့်ကလေး " 

လင်းနေ လက်ဖက်ရည်ခွက်ကို မယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်တယ်။ ‌အရှေ့က ကြည်နူးကတော့ လင်းနေရဲ့ တုံ့ပြန်ချက်ကို သိချင်စိတ်များနေ၏။

" ဘယ်လိုလဲ။ ကောင်းလား "

" တအားချိုတယ်။ ဒါပေမယ့် သောက်လို့တော့အဆင်ပြေပါတယ်။ ကိုယ်ကအချိုသိပ်မကြိုက်လို့ " 

ကြည်နူးမှာထားတာက ချိုစိမ့်မလို့ ကော်ဖီခါးခါးပဲသောက်တက်တဲ့  အကို့အတွက်တအားချိုနေတယ်ထင်ပါ့။

ခဏနေတော့ မှာထားတာတွေ တစ်ခုပြီးတစ်ခုအကုန်ရောက်လာတယ်။ ဆီထမင်း၊မုန့်လိပ်ပြာ၊မုန့်ပျားသလက်၊မုန့်သိုင်းခြုံ၊ ငှက်ပျောသီးပေါင်းနဲ့ မြန်မာမုန့် 12 မျိုးပါတဲ့ ဗန်း တို့ကို ကြည်နူးမှာထား၏။

" ဒီထဲမှာ အကို့သိတဲ့မုန့်ပဲဖြစ်ဖြစ်။ ဒါမှမဟုတ်စားဖူးတဲ့မုန့်ပဲဖြစ်ဖြစ် ရှိလား "

လင်း‌နေက စားပွဲပေါ်ကမုန့်တွေကိုသေချာကြည့်လိုက်တယ်။

" မရှိဘူး။ ကိုယ်စားဖူးတဲ့ မုန့်လည်းမရှိဘူး၊ ကိုယ်သိတဲ့မုန့်လဲမရှိဘူး "

"  ဒါဆို အကို ဒီဟာကို အရင်စစားကြည့်။ ဒါက ဆီထမင်းလို့‌ခေါ်တယ်။ သူက ပဲပြုတ်၊ငါးရံ့ခြောက်ဖုတ်တို့နဲ့တွဲစားရင် အရမ်းစားကောင်းတာ "

" ဆီထမင်း... "

" အင်း။ ဟုတ်တယ်။ ဆီထမင်းလို့ခေါ်တယ် "

ကြည်နူးက ဆီထမင်းပန်းကန်ကိုသူ့အနားယူလိုက်ပြီး ဇွန်းနဲ့ ဆီထမင်းကိုနည်းနည်းဖဲ့လိုက်ကာ လင်းနေ အရှေ့က ပန်းကန်အလွတ်ထဲကိုထည့်ပေးလိုက်တယ်။  ဆီထမင်းနဲ့အတူတူပါတဲ့ ငါးရံ့ခြောက်ဖုတ်ကိုလည်း ထည့်ပေးဖို့မမေ့။

" အင်း...စားလို့ကောင်းတယ်။ ဆီထမင်းကို ကိုယ်ကြိုက်တယ် နူး "

လင်းနေကြိုက်တယ်ဆိုလို့ ကြည်နူးမျက်နှာလေး ဝင်းလတ်သွားပြီး လင်းနေပန်းကန်ထဲကို ‌ရွှေထမင်းထပ်ထည့်ပေး၏။

" ဒါကမုန့်ပျားသလက်လို့ခေါ်တယ်။  မြန်မာပီဇာပေါ့...ကိုယ်နှစ်သက်ရာကိုထည့်စားလို့ရတယ်။အခုမှာထားတဲ့ထဲမှာတော့ ကြက်ဥရယ်၊ပဲပြုတ်ရယ်၊နံနံပင်ရယ်ပါတယ်။ မုန့်ပျားသလက်ကတော့ ကျွန်တော့်ရဲ့ No.1 Favorite ပဲ "

ပြောရင်းနဲ့ပဲ ကြည်နူး လင်းနေပန်းကန်ထဲကို မုန့်ပျားသလက်တစ်ခုထည့်ပေးလိုက်တယ်။

သူအကြိုက်ဆုံးမုန့်မလို့ ကြည်နူးက လင်းနေနဲ့သူ အကြိုက်တူမတူကို သိချင်စိတ်များနေ၏။ လင်းနေ လက်မထောင်ပြတော့မှ ကြည်နူး‌သွားတွေပေါ်တဲ့အထိ ရယ်လိုက်သည်။

" ဒါက ငှက်ပျောသီးပေါင်း သူကအုန်းနို့နဲ့မို့ ချိုတယ်။ အကိုကြိုက်ပါ့မလားတော့မသိဘူး "

ငှက်ပျောသီးပေါင်းကိုတော့ အကိုကြိုက်မယ်လို့ မမျှော်လင့်ထားပေမယ့် အကိုကကြိုက်တယ်လို့ ဆိုလာတာကြောင့် ကြည်နူး ပျော်ရပြန်သည်။

အကိုကကြည်နူးမှာထားတဲ့ မြန်မာမုန့်တွေအကုန်လုံးကို ကြိုက်၏။ အားရပါးရလည်းစားတယ်။ အားလုံးထဲမှာ အကြိုက်ဆုံးဆိုရင်တော့ ဆီထမင်း ပါတဲ့လေ။

မနက်စာစားပြီးနောက် ကြည်နူး အကို့ကိုအိမ်ပြန်လိုက်ပို့ပေးပြီး သူကစာအုပ်ဝယ်ဖို့သွားမလို့ဆိုပေမယ့် အကိုက လိုက်ခဲ့ပေးမယ်ဆိုတာကြောင့် ကြည်နူး အကို့ကိုပါ စာအုပ်ဆိုင်ခေါ်လာလိုက်တယ်။

အကိုပါတော့ ကြည်နူး စင်အမြင့်ပေါ်က စာအုပ်တွေဆို လှေကားနဲ့တက်ယူစရာမလိုတော့ဘူး။  အကိုကပဲ တက်ယူပေးသည်။ တစ်ချို့ဟာတွေ‌ဆို အကိုက လှေကားသုံးပြီး ယူစရာတောင်မလို။

" ဟို စာအုပ်လေးယူပေးပါဦး အကို "

" ဒါလား နူး "

" မဟုတ်ဘူး အကို။ အဲ့ဒီဘေးက စာအုပ် " 

ကြည်နူးကအရှေ့ကနေ သူလိုချင်တဲ့ စာအုပ်တွေကိုရှာနေကာ လင်းနေကတော့ အနောက်ကနေ ကြည်နူးယူထားသမျှစာအုပ်တွေကိုသယ်ထား၏။

" စာလုပ်တာကော အဆင်ပြေရဲ့လား နူး "

" ပြေသလိုလို၊မပြေသလိုလိုပါပဲ "

" ဘာဖြစ်လို့လဲ "

" ပင်ပန်းလို့...တစ်ခါတလေကျ တအားလက်လျှော့ပစ်လိုက်ချင်တာပဲ။ ဒါပေမယ့်လည်း အဲ့လိုလုပ်လို့မဖြစ်ဘူးလေ...ဒါက ကျွန်တော့်ကိုယ်တိုင်ရွေးထားတဲ့ အိမ်မက်ပဲမို့လို့ ရအောင် ကြိုးစားရမှာပေါ့ " 

" နူး လုပ်နိုင်မှာပါ။ ကိုယ်နူးကိုယုံတယ် "

ကြည်နူး ခပ်ရေးရေးပြုံးလိုက်တယ်။ သူသေချာပေါက် လုပ်နိုင်ရမယ်။ သူ cambridge ကိုရောက်ကိုရောက်ရမယ်။

-

အကိုနဲ့မိတ်ဆက်ပေးဖို့ပဲ ပြောနေကြတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို ဒီနေ့တော့ ကြည်နူး အကိုနဲ့မိတ်ဆက်ပေးဖို့ချိန်းထားတယ်။ ငယ်ငယ်ကတည်း ပေါင်းလာတဲ့ သူငယ်ချင်းတွေမို့ ငြိမ်းဇာနဲ့ရန်ချင်းက ကြည်နူးအတွက်တော့ မိသားစုလိုပဲ။ မိသားစုကိုမပြောပြနိုင်တဲ့အကြောင်းအရာတွေကိုတောင် သူတို့ကိုပြောပြနိုင်တယ်။

ကြည်နူး အကို့ကိုအိမ်မှာသွားခေါ်ခဲ့တယ်။ အန်တီနှင်းဆီနဲ့တွေ့မှာစိုးလို့ ကားကိုခြံထဲမရပ်ပဲ အပြင်မှာရပ်ကာ အကို့ကိုပဲ မြန်မြန်အပြင်ထွက်လာခိုင်းလိုက်တယ်။

ချိန်းထားတဲ့ဆိုင်ကို ကြည်နူးတို့ကပဲအရင်ရောက်နေတာမို့လို့ မုန့်မှာပြီး ငြိမ်းဇာနဲ့ရန်ချင်းကိုစောင့်နေလိုက်တယ်။

" သူတို့က ကိုယ်နဲ့နူးအကြောင်းသိလား "

" အင်း...သူတို့သိကြတယ်။ အဲ့တာကြောင့် အကိုနဲ့မိတ်ဆက်ပေးမလို့ "

" သူတို့က နူးအတွက်အကောင်းဆုံးသူငယ်‌ချင်းတွေလား "

" ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့် သူတို့နှစ်ယောက်လောက်တော့ ဘယ်သူနဲ့မှမရင်းနှီးဘူး။ မိဘတွေကိုတောင် မပြောနိုင်တဲ့တစ်ချို့ကိစ္စတွေကိုတောင် သူတို့နဲ့ပြောလို့ရတယ်။ သူငယ်ချင်းဆိုပေမယ့် သူတို့က မိသားစုလိုပါပဲ...အခုလည်း သူတို့စိတ်ပူနေကြတာလေ "

" ဘာကို စိတ်ပူတာလဲ "

" အကိုကျွန်တော့်ကို လှည်းစားသွားမှာကို စိတ်ပူနေကြတာလေ "

" နူးကကော ကိုယ်ကအဲ့လိုလူမျိုးထင်လား "

" ဒါကတော့ စောင့်ကြည့်ရဦးမှာပေါ့ "

လင်းနေနားလည်လိုက်တယ် သူက နူးယုံကြည်လိုရတဲ့ လူတစ်ယောက်မဖြစ်သေးဘူးပဲ။ သူ့ဘက်ကနေ နူး သူ့ကိုယုံကြည်လာတဲ့အထိ ကြိုးစားရမှာပေါ့။

" နူး "

" ဟင် "

" ကိုယ်တို့အကြောင်းကို မိဘတွေကိုပြောပြဆိုရင်ကော နူး အဆင်ပြေမလား "

ကြည်နူးက ချက်ချင်းပြန်မဖြေနိုင်။

" နူး ကိုယ့်ကိုအပျော်ကြံတာ‌တော့ မဟုတ်ဘူးမလား "

" အကိုနော်! ကျွန်တော်ကဘာကိုအပျော်ကြံရမှာလဲ "

" အပျော်ကြံတာမဟုတ်ဘူးပေါ့။ ဒါဆို အတည်ယူမှာလား "

" အကို!! "

" အင်း၊အင်း။ ကိုယ်မစတော့ဘူး "

" ကျွန်တော်က ကျွန်တော်တို့ကိုလက်မခံနိုင်မှာကိုကြောက်တာ... "

ကြည်နူးကခေါင်းကလေးငုံ့ကာပြော၏။

" လက်ခံ၊မခံကတော့ ကိုယ်တို့ဘက်ကအရင်ပြောမှ လူကြီးတွေရဲ့သဘောထားကိုသိရမှာပေါ့ "

" ကျွန်တော့်ကိုအချိန်ပေးပါဦး... "

"  နူး အချိန်ကြိုက်သလောက်ယူပါ။ ကိုယ်စောင့်နိုင်ပါတယ်။ အခုလိုမေးရတာကလဲ နူးက သူငယ်ချင်းတွေနဲ့ကိုယ့်ကိုမိတ်ဆက်ပေးတော့ မိဘတွေနဲ့ဆိုရင်ကော အဆင်ပြေမလားသိချင်လို့...ကိုယ့်အတွက်က နူးကပဲပိုအရေးကြီးတယ် "

အကို့ကိုကြည့်ကာ ကြည်နူးပြုံးလိုက်တယ်။ အကိုက Paris မှာတုန်းကပြောခဲ့တဲ့ အားလုံးကိုစွန့်လွှတ်နိုင်တယ် ဆိုတဲ့စကားကို သူယုံကြည်နေမိတယ်။ အကယ်၍ မိဘတွေကသူတို့ကိုသဘောမတူခဲ့ရင် သူကကော အားလုံးကိုစွန့်လွှတ်နိုင်ပါ့မလား...။

ငြိမ်းဇာနဲ့ရန်ချင်းရောက်တော့ ကြည်နူးကသူတို့ကို လင်းနေနဲ့မိတ်ဆက်ပေးတယ်။ လင်းနေရဲ့သန့်သန့်ပြန့်ပြန့်ရုပ်ရည်ကြောင့် ငြိမ်းဇာက ကြည်နူးအနားကပ်ကာ...

" စိတ်သဘောထားဘယ်လိုလဲမသိပေမယ့် ရုပ်ရည်ကဝောာ့ နင့်အရင်ရည်းစား ဆာဂျူရီမထက် အဆတစ်ရာသာတယ်။ နင့် Gay ရတာ တန်တယ် ကြည်နူး "

ကြည်နူး စားပွဲခုံအောက်ကနေ ငြိမ်းဇာရဲ့ခြေထောက် တမင်တက်နင်းလိုက်ပေမယ့် ခြေထောက်ပိုင်ရှင်က ငြိမ်းဇာမဟုတ်ပဲ ရန်ချင်းဖြစ်‌နေလို့ ဟိုကသူ့ကို‌ ပြန်အော်ကော။

ရန်ချင်းကကြည်နူးကိုအော်တော့ ဘေးက လင်းနေ ရန်ချင်းကို အကြည့်စူးစူးနဲ့ကြည့်နေ၏။

" သူ ကျွန်တော့်ခြေထောက်ကိုအရင်တက်နင်းတာ "

ရန်ချင်းက ခံပြင်းကာပြောလိုက်တယ်။ လင်းနေကတော့ ပါးစပ်ကနေသာ ဘာမှပြန်မပြောတာ မျက်နှာပေးကတော့

" အဲ့ဒီတော့ ဘာဖြစ်လဲလို့ " လို့ စာတန်းထိုးထားသလိုပဲ။

ရန်ချင်းမှာ ဘုမသိဘမသိနဲ့ခြေထောက်လည်းအနင်းခံရသေးတယ်။ နဂါးဆို သူပြာကျမယ့် အကြည့်နဲ့လည်း အသာလွတ်ကြီးအကြည့်ခံရ၏။

[text_hash] => 8a82a386
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...