Array
(
[text] =>
Episode - 13
-
-
-
-
-
-
-
" အဖေနဲ့အမေကို ကျွန်တော်ပြောစရာရှိလို့ "
ကြည်နူး သူ့အဖေနဲ့အမေအရှေ့မှာထိုင်လိုက်သည်။ သူ့အဖေနဲ့အမေကိုတစ်ချက်ကြည့်ပြီး ကြည်နူးခေါင်းငုံ့ကာ သက်ပြင်းရဲ့ရဲ့ချ၏။ ဒီစကားကိုပြောဖို့အတွက် သူအများကြီးအားယူထားရတာ။ သူ့စိတ်ထဲမှာလည်း တော်တော်ကြီးကိုလေးလံနေတယ်။
" ဘာပြောစရာရှိလို့လဲ သား "
ဦးကြည်ခန့်ကသူ့သားကိုမေးသည်။
" ကျွန်တော်...ကျွန်တော် သဘောကျနေတဲ့လူရှိတယ် "
" ဘာများလဲလို့ကွာ မင်းအရွယ်နဲ့ဒါမျိုးကဘာဆန်းလို့လဲ။ ကဲ ပြော လက်ထပ်ချင်လို့လား ကောင်မလေးကဘယ်သူလဲ "
" ရှင် ဘာတွေပြောနေလဲ! ကျွန်မသားကအခုမှငယ်ငယ်လေးရှိသေးတာကိုး ဘာကိုလက်ထပ်မှာလဲ။ လက်မထပ်ရသေးပါဘူး ဒီအရွယ်လေးနဲ့ "
" မင်းကလည်းကွာ မင်းတောင် 18 နှစ်နဲ့ငါ့အနောက်ခိုးရာလိုက်ပြေးခဲ့တာမဟုတ်ဘူးလား "
" ကျွန်မကကျွန်မ။ သားကသားပဲ။ သားနော် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုဖို့မစဉ်းစားနဲ့ သားပဲ နိုင်ငံခြားမှာကျောင်းတက်ဦးမှာဆို "
သူ့ကြောင့်စကားများနေကြတဲ့ အဖေနဲ့အမေကိုကြည့်ပြီး ကြည်နူး စိတ်ညစ်လာတယ်။ နဂိုကတည်းကမှ သူ့မှာဒီစကားကိုပြောဖို့ တော်တော်လေးကို သတ္တိမွေးထားရပါတယ်ဆိုမှ။
" ကျွန်တော်ပြောတာကို အရင်နားထောင်ပေးလို့ရမလား!! "
ကြည်နူးရဲ့အသံကနည်းနည်းတော့ကျယ်သွားတယ်။ အဖေနဲ့အမေရဲ့အာရုံကလည်း သူ့ဆီရောက်လာ၏။ ကြည်နူးသက်ပြင်းခပ်ပြင်းပြင်းတစ်ချက်လိုက်တယ်။
" ကျွန်တော်သဘောကျတဲ့လူက ကျွန်တော်လိုပဲ ယောကျာ်းတစ်ယောက် "
ကြည်နူး မျက်လုံးကိုစုံမှိတ်ကာ ရဲရဲဝံ့ဝံ့ပြောလိုက်သည်။
" ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်မိနေပြီ မေမေ...ကျွန်တော်..ကျွန်တော် တောင်းပန်ပါတယ် "
ကြည်နူးရဲ့မျက်ဝန်းကလေးတွေကလည်း တဖြည်းဖြည်းနဲ့ မိုးပြိုစပြုလာ၏။ ဘာအမှားမှမလုပ်ထားပဲ ကြည်နူးဟာ အကြိမ်ကြိမ် သူ့မိဘတွေကို တောင်းပန်၏။
ကြည်နူးရဲ့အမေက သူထိုင်နေတဲ့နေရာကနေထလာပြီး ကြည်နူးရဲ့ဘေးမှာထိုင်လိုက်တယ်။ မိခင်ဖြစ်သူ ဒေါ်မိမိမော်က တုန်ရီနေတဲ့သူ့သားရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်တယ်။
" ကျွန်တော်တောင်းပန်ပါတယ်... "
" တောင်းပန်တာတော်လိုက်တော့ သား။ သားဘာအပြစ်မှမလုပ်ထားဘူး "
ကြည်နူးကနီဆွေးဆွေးမျက်ဝန်းကလေးတွေနဲ့ သူ့အမေကို မဝံ့မရဲကြည့်လိုက်တယ်။
" အမေ... "
" ကိုယ်မွေးထားတဲ့ ကလေးရဲ့ ဖြစ်တည်မှုကို ကိုယ်မှလက်မခံရင် ဘယ်သူကများသူ့ကိုကာကွယ်ပေးမှာလဲ "
ထိန်းထားခဲ့တဲ့ ကြည်နူးရဲ့မျက်ရည်ကလေးတွေ စီးကျလာတယ်။ အမေ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ဖက်ငိုရင်း ကြည်နူးပြောလိုက်ပြီးကတည်းက အသံတိတ်နေတဲ့ အဖေ့ကိုကြည်နူး မဝံ့မရဲကလေး လှမ်းကြည့်မိသည်။
" အဖေတောင် မင်းအမေကိုမိဘတွေသဘောမတူတဲ့ကြားကရအောင်ယူခဲ့တာ။ သားကို အဖေတို့လို မခံစားစေချင်လို့ အစကတည်းက သားချစ်တဲ့လူကို သားစိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတာ။ သားရွေးချယ်လိုက်တဲ့လူက ယောကျာ်းပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ် အဖေလက်ခံနိုင်တယ် "
" လူတစ်ယောက်နဲ့တစ်ယောက်ချစ်တာပဲ။ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး "
" မိန်းမ မင်း သားကိုဒီလိုငိုတာ မြင်ခဲ့ရတာ ဘယ်တုန်းကနောက်ဆုံးပါလိမ့်။ ကြည့်ဦး အမေကိုဖက်ပြီး ကလေးလိုငိုနေတာ။ နေဦး၊နေဦး ဒါကို မှတ်တမ်းတင်ထားရမယ် "
ဦးကြည်ခန့်ကဖုန်းထုတ်လိုက်ပြီး သူ့သားနဲ့မိန်းမကို Video ရိုက်နေ၏။ အဖေနဲ့အမေကရယ်နေကြပေမယ့် ငိုနေတဲ့ ကြည်နူးကတော့ သူ့မျက်နှာကို အမေဖြစ်သူရဲ့ရင်ခွင်ထဲဖွက်ထား၏။
ကြည်နူး သူ့မိဘတွေကို ယောကျာ်းတစ်ယောက်ကိုသဘောကျကြောင်းပဲ ဝန်ခံခဲ့ပြီး အဲ့ဒီယောကျာ်းက လင်းနေဖြစ်ကြောင်းကိုတော့ သူ့မိဘတွေကိုမပြောခဲ့ဘူး။
ကြည်နူးအခန်းတံခါးကိုလော့ချပြီး လင်းနေဆီကိုဖုန်းဆက်လိုက်တယ်။
" ကျွန်တော်ပြောလိုက်ပြီး အကို ကျွန်တော်ပြောလိုက်ပြီး "
လင်းနေဖုန်းကိုင်လိုက်တာနဲ့ ကြည်နူးကပြော ဝမ်းသာအားရနဲ့ပြော၏။
" ဘာပြောတာလဲ နူး။ ဖြည်းဖြည်းလည်းပြောပါကွာ ဘာတွေဒီလောက်တောင် ပျော်နေတာလဲ ကိုယ့်ကိုလည်းပြောပါဦး "
မျက်နှာမမြင်ရတာတောင် နူးရဲ့အသံနဲ့တင် နူးပျော်နေမှန်း သူသိ၏။
" ကျွန်တော် အဖေနဲ့အမေကို come out လုပ်လိုက်ပြီး။ သူတို့ကလက်ခံတယ် အကို။ လက်ခံကြတယ် ကျွန်တော်ပျော်လို့ငိုတောင်ငိုပြီးပြီ သိလား "
" မမြင်ရတာတောင် နူး ပျော်နေမှန်း ကိုယ်သိပါတယ် "
" အကိုကော ဘယ်တော့ come out လုပ်မှာလဲ "
" ကိုယ် Gay မှန်း အစကတည်းက ကိုယ့်မိဘတွေသိတယ် "
" ဘယ်လိုသိတာလဲ "
လင်းနေပြောတာကိုကြားပြီးနောက် ကြည်နူးမျက်လုံးကလေးပြူးကျယ်သွားတဲ့အထိ အံ့ဩသွားသည်။
" ကိုယ့်အသက် 17 လောက်တုန်းကထင်တယ်။ ကောင်လေးတစ်ယောက်နဲ့တွဲဖူးတယ် "
ဒီတစ်ခါတော့ ကြည်နူးမျက်နှာ စူပုတ်ပုတ်ကလေးဖြစ်သွားတယ်။
" ဒါဆို အကိုရည်းစားထားဖူးတာပေါ့လေ "
" ရည်းစားကတော့ နူးလည်းထားဖူးတာပဲ မဟုတ်လား "
" ဒါပေမယ့် မတူဘူးလေ ကျွန်တော်ကယောကျာ်းတစ်ယောက်နဲ့အခုမှတွဲဖူးတာဗျ။ အကိုကပထမဆုံးပဲ "
" ပထမဆိုတော့ ဒုတိယရှိချင်နေတာလား "
" အကိုနော်! ရန်လာမစနဲ့...အဲ့လိုပြောကြေးဆို ကျွန်တော်က အကို့ရဲ့ဒုတိယမဟုတ်ဘူးလား "
ကြည်နူး စိတ်ဆိုးဆိုးနဲ့အရင်ဖုန်းချပစ်လိုက်တယ်။
သူ့ကို ကြည်နူးစိတ်ကောက်သွားမှန်းသိတော့ လင်းနေ ဆံပင်ကိုလက်ဖြင့်ထိုးဖွလိုက်ပြီး ကုတင်ပေါ်မှာထိုင်လိုက်တယ်။ ဒီနေရာက London သာဆို သူဘယ်နေရာရောက်နေနေ ကြည်နူးဆီသွားမိမှာ။ ခက်တာက အခုက London မှာဟုတ်မနေဘူး။ ဒီနေရာမှာ သူဘယ်မှမသွားတက်ဘူး။ ကြည်နူး အိမ်ဘယ်နားရှိမှန်းတောင် သူမသိဘူး။
လင်းနေ ကြည်နူးဆီဖုန်းထပ်ခေါ်ကြည့်တော့လည်း ကြည်နူးကဖုန်းမကိုင်။ ဘယ်နှစ်ခါခေါ်ခေါ်ကိုမကိုင်တာ။
-
ကြည်နူးမနက်စာစားနေတုန်း အမေက အန်တီနှင်းဆီက Dinner ဖိတ်ထားလို့ တစ်မိသားစုလုံးသွားကြရမယ့်အကြောင်းကိုပြော၏။ အကို့ကိုစိတ်ကောက်နေတဲ့ ကြည်နူးကတော့ မအားဘူးဘာညာနဲ့ပြောကြည့်ပေမယ့် အမေက...
" မအားလည်း လိုက်ရမယ် " ဆိုတာကြောင့် ကြည်နူး Dinner ကိုပါသွားတော့တယ်။
အန်တီနှင်းဆီက Dinner ကို ကြည်နူးအဖေပိုင်တဲ့ Hotel မှာကျွေးတာပင်။ ကြည်နူးထင်တဲ့အတိုင်း အကိုလည်းပါ၏။ နှစ်ဖက်လုံးက မိသားစုလိုက်မို့ မသိရင် နှစ်ဖက်မိသားစုတွေ့ဆုံပွဲလိုလို။
ကြည်နူးရောက်ကတည်းက အကိုကကြည်နူးကိုပဲ ကြည့်နေတာ သိပေမယ့် ကြည်နူးကတော့ အကို့ကိုတစ်ချက်ကလေးမှ အကြည့်ချင်းမဆုံမိအောင်နေကာ မသိချင်ယောင်သာဆောင်ထားတယ်။
Dinner စားပြီးတော့ လူကြီးတွေက လုပ်ငန်းအကြောင်းတွေပြောနေကြတာမို့ ကြည်နူးပျင်းပျင်းရှိတာနဲ့ toilet သွားမယ်ဆိုပြီး ထွက်လာခဲ့လိုက်တယ်။
ကြည်နူး toilet ထဲမှာ လက်ဆေးနေတုန်း လင်းနေရောက်လာတယ်။ လင်းနေကိုတွေ့တော့ ကြည်နူး toilet ထဲက ထွက်ဖို့အလုပ် လင်းနေက ကြည်နူးလက်ကိုလှမ်းဆွဲလိုက်ပြီး ကြည်နူးကိုယ်ကို နံရံမှာကပ်လိုက်တယ်။
" ဘာလုပ်တာလဲ လွှတ်!! သူများတွေဝင်လာရင် တွေ့သွားလိမ့်မယ် "
" နူး စိတ်ကောက်ပြေ "
" ဒါ ချော့တာလား "
" အင်း "
" မပြေဘူး...အွန်း.... "
လင်းနေရဲ့ခေါင်းကအရှေ့ကိုတိုးလာကာ ကြည်နူးနှုတ်ခမ်းကို ခပ်တင်းတင်းဖိနမ်းလိုက်တယ်။ ကြည်နူးကတွန်းထုတ်နေလည်း လင်းနေကမလွှတ်ပေးဘူး။
နမ်းတာရပ်သွားတဲ့အချိန် ကြည်နူးထွက်ပြေးဖို့လုပ်ပေးမယ် လင်းနေကသူ့ကိုပြန်ဆွဲထားပြီး နံရံမှာကပ်ကာ ထွက်မရအောင် ဂျောင်ပိတ်ထား၏။
" စိတ်ကောက်ပြေ "
" မပြေဘူး "
လင်းနေ ကြည်နူးနှုတ်ခမ်းတစ်ချက်ဖိကပ်နမ်းလိုက်တယ်။
" စိတ်ကောက်ပြေ "
" မပြေဘူးလို့!! "
လင်းနေ နောက်တစ်ချက်ထပ်နမ်းသည်။
" စိတ်ကောက်ပြေ "
ဒီတစ်ခါတော့ ကြည်နူးကချက်ချင်းပြန်မဖြေသေးပဲ လင်းနေကို မျက်လုံးလှန်ကာမော့ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ လင်းနေရဲ့ခေါင်းကအရှေ့ကို ထပ်တိုးလာမို့ ကြည်နူး လန့်ကာ ကိုယ့်နှုတ်ခမ်းကိုယ် လက်နဲ့အုပ်လိုက်တယ်။
" ပြေပြီ၊ပြေပြီ "
ပါးစပ်ကိုလက်နဲ့အုပ်ထားတာကြောင့် ဗလုံးဗထွေးဖြစ်နေတဲ့ ကြည်နူးစကားသံကိုကြားတော့ လင်းနေရဲ့ နှုတ်ခမ်းတစ်ဖက်ကွေးတက်သွားသည်။
" ဘာပြေတာလဲ "
တမင်ကိုညစ်ပြီမေးနေတဲ့ လင်းနေကို ကြည်နူးကမျက်စောင်းထိုး၏။
" အကိုနော်! သိရဲ့သားနဲ့ "
" မသိပါဘူး...ဘာပြေတာလဲလို့ "
" စိတ်ကောက်ပြေပြီ! စိတ်မကောက်တော့ဘူးလို့!! "
ကြည်နူးကပါးစပ်ကို အုပ်ထားတဲ့ လက်ကိုဖယ်လိုက်ပြီး မကျေနပ်တဲ့လေသံဖြစ်ပြောသည်။ လင်းနေပြုံးလိုက်ပြီး ကြည်နူးရဲ့ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်၏။
" လိမ္မာတယ်။ လျှောက်တွေးမနေနဲ့တော့ ကိုယ့်မှာမင်းပဲရှိတာ...ကိုယ်ချစ်တဲ့သူကလည်း မင်းတစ်ယောက်တည်းပဲ။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ခဲ့တာတွေက အချစ်မဟုတ်ဘူး...အခုလက်ရှိကမှ အချစ် "
" နူးတစ်ယောက်တည်းကပဲ ကိုယ့်အချစ် "
" တကယ်လား... "
ကြည်နူးကမယုံသလိုမျက်လုံးကလေးနဲ့ လင်းနေကိုကြည့်၏။
" နူး ယုံအောင် ကိုယ်ဘယ်လို သက်သေပြရမလဲ "
လင်းနေရဲ့ခေါင်းက ကြည်နူးအရှေ့ကိုထပ်တိုးလာကြောင့် ကြည်နူးလန့်ပြီး လင်းနေကိုတွန်းထုတ်ကာ toilet ထဲကနေ ပြေးထွက်သွားတော့သည်။
ပြေးထွက်သွားတဲ့ ကြည်နူးကိုကြည့်ကာ လင်းနေ ခပ်ဟဟပြုံးလိုက်ပြီး အနောက်ကနေ ဖြည်းဖြည်းချင်းလျှောက်ကာ လိုက်သွား၏။
" ဒီရက်ပိုင်း ကြည်နူးလေးအားလား "
သူခုံမှာပြန်ထိုင်ပြီးရုံရှိသေး အန်တီနှင်းဆီက သူ့ကိုကြည့်ကာမေးသည်။
" ဟုတ်ကဲ့။ အားပါတယ် အန်တီ "
" အန်တီနဲ့မော်က ပုဂံသွားမလို့ တိုင်ပင်နေကြတာ ဖွေးဖွေးလေးလည်း ကျောင်းပိတ်တော့မှာလေ။ ကိုလင်းကိုလည်း London မပြန်ခင် ပုဂံကိုလိုက်ပို့ပေးချင်လို့။ သားကောလိုက်ခဲ့မယ်မဟုတ်လား ကြည်နူးလေး "
အဲ့ဒီအချိန်မှာပဲ အကိုလည်း ပြန်ရောက်လာတယ်။ ကြည်နူး အန်တီနှင်းဆီကို ပြန်မဖြေသေးပဲ အမေ့ဘက်ကိုလှည့်ကြည့်လိုက်တော့ အမေက သူ မလိုက်ရင်တောင် အတင်းခေါ်သွားမယ့်ပုံမျိုးပင်။
မအားဘူးလို့သွားပြောလို့မရပြန်ဘူး။ သူကဘွဲ့ရပြီးပေမယ့် ဘာအလုပ်မှလဲမလုပ်သေးဘူးလေ။ နေ့တိုင်းလိုလိုအားနေကာ နိုင်ငံခြားမှာကျောင်းသွားတက်ဖို့အတွက် အခန်းထဲအောင်းပြီး စာလုပ်လိုက်၊ကော်ဖီဆိုင်သွားပြီးစာလုပ်လိုက်နဲ့ တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ လည်ပတ်နေတာ။
" ဟုတ်ကဲ့။ ကျွန်တော်လိုက်ခဲ့ပါ့မယ် အန်တီ။ ကျွန်တော်လည်း ပုဂံမရောက်တာ ကြာပြီ "
သေချာပြန်စဉ်းစားကြည့်မယ်ဆို ကြည်နူး ပုဂံကိုမရောက်ဖြစ်တာ တစ်နှစ်လောက်ရှိတော့မယ်။ အရင်ကတော့ ပုဂံမှာ ဖွားဖွားရှိတော့ ကြည်နူးခဏခဏသွားဖြစ်ပေမယ့် ဖွားဖွားဆုံးပြီးနောက်ပိုင်း အရင်လိုသိပ်မသွားဖြစ်တော့ဘူး။
" ဟုတ်ပြီ။ ဒါဆို တို့တွေ သွားမယ့် ရက်ကိုအမြန်ဆုံးစီစဉ်လိုက်ရအောင်လေ မော်ရေ "
အန်တီနှင်းဆီနဲ့ ကြည်နူးအမေကတော့ ပျော်ပျော်ကြီး ပုဂံခရီးစဉ်အတွက် တိုင်ပင်နေကြ၏။ မိသားစုနှစ်စု ထမင်းဝိုင်းကနေ မိသားစုနှစ်စု ခရီးအထိပါ ဘယ်လိုတွေဖြစ်ပြီး ရောက်ကုန်မှန်းမသိတော့ပါဘူး။
[text_hash] => 2cb8dc2d
)
What do you think?