Array
(
[text] =>
Episode - 14
-
-
-
-
-
-
-
-
ဒီနေ့ အမေမအားတာကြောင့် စာမေးပွဲဖြေနေတဲ့ ဖွေးဖွေးကိုကြည်နူးကပဲလာကြိုရတယ်။ ကျောင်းရှိတဲ့ လမ်းတစ်လျှောက်လုံးက ကားတွေနဲ့ ပြည့်နေတော့ ကျောင်းနဲ့ခပ်လှမ်းလှမ်းမှာပဲ ကားရပ်ထားခဲ့ပြီး ဖွေးဖွေးကိုကြိုဖို့ ကြည်နူးလမ်းလျှောက်သွား၏။
ကျောင်းအရှေ့မှာ ဖွေးဖွေးကိုစောင့်နေတုန်း ကြည်နူးအနားကို ကောင်မလေးတစ်ယောက်ရောက်လာတယ်။
" မတွေ့တာကြာပြီနော် ကြည်နူး "
" ဟုတ်ကဲ့ဗျ "
ဖွေးဖွေးအတန်းဖော်ရဲ့ အစ်မမို့လို့ သူ(မ) နဲ့မရင်းနှီးသော်လည်း ကြည်နူး အလိုက်အထိုက်ဆက်ဆံ၏။ အဖေနဲ့အမေမအားရင် ကြည်နူးကပဲ ဖွေးဖွေးအုပ်ထိန်းသူအနေနဲ့ အစည်းအဝေးတက်တာတို့၊ကျောင်းကြိုတာတို့ လုပ်တော့ တစ်ချို့ကလေးတွေရဲ့ အုပ်ထိန်းသူတွေဆို ကြည်နူးကိုသိကြ၏။
" ကိုကို!! "
ဖွေးဖွေးက မျက်မှောင်ကြီးကုတ်ကာ ကျောင်းထဲကနေထွက်လာပြီး ကြည်နူးအနားကိုရောက်လာတယ်။ သူ့ညီမတစ်ခုခုဖြစ်နေမှန်းသိတော့ ကြည်နူးလည်း သူ့ဘေးကကောင်မလေးကိုနှုတ်ဆက်ပြီး ညီမလေးလွယ်ထားတဲ့ လွယ်အိတ်ကိုယူလိုက်ကာ ကားဆီကိုလျှောက်သွား၏။
" ဘာဖြစ်လို့လဲ ဖွေးဖွေး။ စာမေးပွဲဖြေလို့မနိုင်လို့လား...ဘာမှမဖြစ်ပါဘူး။ စာနဲ့ပတ်သက်ပြီး ကိုကိုတို့မိဘတွေက ဘယ်တုန်းကဖိအားပေးခဲ့ဖူးလို့လဲ "
ကြည်နူးတို့မောင်နှမက မိဘရကံကောင်း၏။အဖေကောအမေကောက ကြည်နူးတို့ကို ဘာဖြစ်ရမယ်၊ဘယ်လိုဖြစ်ရမယ်လို့ ပုံမသွင်းခဲ့ဘူး။ ကြည်နူး ရှေးသုဟောင်းသုတေသနမေဂျာကိုရွေးတော့ စီးပ္ပာရေးသမားတစ်ယောက်ဖြစ်တဲ့ အဖေက ကြည်နူးပျော်တဲ့အရာကိုပဲ လုပ်ဖို့ အားပေးထောက်ခံခဲ့တာ။
" ကိုကိုဘာလို့ အဲ့ဒီအစ်မနဲ့စကားပြောနေတာလဲ "
ကြည်နူးထင်သလို သူ့ညီမ စာမေးပွဲမဖြေနိုင်လို့ စူပုတ်နေတာမဟုတ်ဘူးပဲ။
" အမ်...သူကအရင်လာပြောတော့ ကိုကိုကပြန်မပြောပဲနေလို့မှမရတာ။ နောက်ပြီး သူက ဖွေးဖွေးသူငယ်ချင်းရဲ့ အစ်မမဟုတ်လား "
" သူငယ်ချင်းမဟုတ်ပါဘူးနော်! သူ့ကိုကြည့်မရလို့ သူ့ညီမနဲ့တောင်မပေါင်းဘူး "
" သူကဖွေးဖွေးကိုဘာလုပ်နေလို့ ကြည့်မရဖြစ်နေတာတုန်း "
" သူကဖွေးကို ကိုကို့အကြောင်းတွေလာလာမေးနေတာလေ။ သူကကိုကို့ကိုကြိုက်နေတာလေ။ ဖွေးကိုလည်း ညီမလေး၊ညီမလေးနဲ့ခေါ်တာ သူ့ရုပ်နဲ့ ဖွေးကိုကို့ကိုမြန်း မှန်းရဲသေးတယ်။ သွားနှစ်ချောင်းကလည်း အရှေ့ခေါထွက်နေသေး။ ရုပ်ကလည်းဆိုး...ဖွေး အစ်ကိုချောချောကလေးကို သူလို့ရုပ်ဆိုးမနဲ့
သဘောမတူနိုင်ပါဘူး "
ကြည်နူး ဖွေးဖွေးကိုထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီး ကားစက်မနှိုးသေးပဲ မျက်နှာစူပုတ်နေတဲ့ သူ့ညီမလေးကိုကြည့်လိုက်တယ်။
" ကိုယ်သဘောမကျတာနဲ့ မိန်းကလေးတစ်ယောက်ရဲ့ရုပ်ရည်ကို ဝေဖန်တာ ကောင်းတဲ့အမူအကျင့်မဟုတ်ဘူးနော် ဖွေးဖွေး။ ဖွေးဖွေးကိုယ်တိုင်ကလည်း မိန်းကလေးလေ။ မိန်းကလေးအချင်းချင်း ပိုလို့တောင်မပြောသင့်ဘူး။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ် အားလုံးမှာ မတူညီတဲ့အလှရှိတယ် "
" ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူး။ တစ်ခြားလူရဲ့ရုပ်ရည်ကိုဝေဖန်တာက အောက်တန်းအကျဆုံးလုပ်ရပ်တွေထဲက တစ်ခုပဲ။ ကိုကိုတို့ဖွေးဖွေးကိုအခုလိုမသင်ထားပေးဘူးနော် "
ကိုယ့်ညီမကိုလာထိရင် ငြိမ်ခံနေမှာမဟုတ်သလို။ ကိုယ့်ညီမကတစ်ခြားတစ်ယောက်ကို စကားနဲ့ပဲဖြစ်ဖြစ် ထိခိုက်အောင်လုပ်ထားရင်လည်း ဘာပဲဖြစ်နေနေ ငါ့ညီမမှန်တယ်ဆိုပြီး ညီမဘက်လိုက်မယ့် အစ်ကိုတွေထဲ ကြည်နူးအိမ်မပါဘူး။ ကလေးတစ်ယောက်ရဲ့ စကားအပြောအဆို အမူအကျင့်အားလုံးက သူ့မိသားစုအုပ်ထိန်းပုံနဲ့ပဲ သက်ဆိုင်တယ်။ ဒါကြောင့် ကလေးတွေကို ချစ်ပုံချစ်နည်း မှန်ဖို့လိုတယ်။
ဖွေးဖွေးကသူ့အမှားသူသိသည့်အလား ငြိမ်ကျသွားတယ်။ ကြည်နူးကအမြဲတမ်း ဖွေးဖွေးကိုအလိုလိုက်ခဲ့တဲ့ သူ မလို့ အခုလို ဆူတဲ့အချိန်ဆို ဖွေးဖွေးက အရမ်းကြောက်တာ။ အမေဆူမှာထက်တောင် အစ်ကိုဆူမှာကို ဖွေးဖွေးကပိုကြောက်၏။ အမေရိုက်မှာမကြောက်ပေမယ့် လေသံအေးအေးနဲ့ ဖွေးဖွေးအမှားကို ထောက်ပြတက်တဲ့ ကိုကို့ကိုတော့ ကြောက်သည်။
" ညီမလေး နောက်ဘယ်သူ့ကိုမှ အဲ့လိုမပြောတော့ပါဘူး...ကတိပေးပါတယ်။ ကိုကိုစိတ်မဆိုးနဲ့နော်... "
ကြည်နူးပြုံးကာ ဖွေးဖွေးရဲ့ခေါင်းကလေးကိုပုတ်လိုက်တယ်။
" ဒီနေ့ စာမေးပွဲပြီးပြီဆိုတော့ ကိုကိုညီမလေး ပင်ပန်းသွားပြီ။ စားချင်တာရှိလား ကိုကိုဝယ်ကျွေးမယ် "
ချက်ချင်းဆိုသလို ဖွေးဖွေးမျက်နှာကလေး ပြုံးယောင်သန်းသွားတယ်။
City mall ကိုဝင်ကာ ဖွေးဖွေးစားချင်တာဝယ်ကျွေးပြီးနောက် မောင်နှမနှစ်ယောက် Shopping ပတ်ကြ၏။ ပုဂံသွားမှာမလို့ ဖွေးဖွေးက အဝတ်အစားအသစ်တွေလိုချင်ကြောင်းပြောတော့ ကြည်နူးက...
" ဝယ်လေ " လို့ ပြောလိုက်တဲ့ အကျိုးဆက်ကတော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အနောက်ကနေ ပိုက်ဆံလိုက်ရှင်းရတာပါပဲ။
ပုဆိုးဆိုင်အရှေ့ကဖြတ်လျှောက်တော့ ကြည်နူး ဒီအတိုင်းကျော်မသွားနိုင်ပဲ ဆိုင်ထဲကိုဝင်ခဲ့တယ်။
" ဖေဖေ့အတွက်လား ကိုကို "
ညီမလေးမေးတာကို ကြည်နူးဘာမှပြန်မဖြေမိ။ ပုဆိုးဝတ်လေ့မရှိတဲ့ သူက ပုဆိုးရွေးနေတော့ ညီမလေးကအဖေ့အတွက်ထင်တာမဆန်း။
တကယ်တော့ ပုဆိုးမြင်တော့ ကြည်နူးမျက်လုံးထဲ အကို့ကိုပဲပြေးမြင်နေမိတာ။ အကို့မှာ ပုဆိုးမရှိ။ ဘုရားသွားတုန်းကတောင် အန်ကယ့်ပုဆိုးယူဝတ်လာတာမဟုတ်လား။
ကြည်နူး လင်းနေနဲ့လိုက်မယ့် ပုဆိုးကို ရွေး ဝယ်ပြီးဆိုင်ထဲကနေ ပြန်ထွက်လာခဲ့သည်။
-
နောက်တစ်နေ့မနက်မှာ ကြည်နူးတို့မိသားစုက ကားတစ်စီး၊လင်းနေတို့မိသားစုက ကားတစ်စီးဖြင့် အိမ်ကနေစထွက်လာကြတယ်။ မိသားစုနှစ်စု ရန်ကုန်မြို့ထဲကဆိုင်တစ်ဆိုင်မှာ ဆုံကာ မနက်စာအတူတူစားပြီးမှ ပုဂံကိုစထွက်ကြမည်။
မနက်စာစားပြီးနောက် ကားပေါ်ပြန်မတက်ခင် အားလုံးက အပေါ့အပါးသွားဖို့ထွက်သွားကြပေမယ့် လင်းနေနဲ့ကြည်နူးကတော့ ထိုင်နေကြတုန်းပဲ။ ဘယ်သူမှမရှိတော့မှ ကြည်နူး သူ့ကျောပိုးအိတ်ထဲက ပုဆိုးဘူးကိုထုတ်လိုက်တယ်။
" အကို့အတွက် "
ဘာမှန်းမသိပေမယ့် လင်းနေကြည်နူးပေးတဲ့ ဘူးကိုယူလိုက်တယ်။ လင်းနေ ဘူးကိုဖွင့်ကြည့်လိုက်ပြီး...
" ပုဆိုးလား "
" ဟုတ်တယ်။ ကျွန်တော်အကို့အတွက် ဝယ်လာတာ။ သဘောကျရဲ့လား "
လင်းနေကပုဆိုးကိုလက်ဖြင့်ခပ်ဖွဖွထိကြည့်ရင်း ပြုံးလိုက်တယ်။
" ကိုယ်သဘောကျတယ်... "
" မြန်မြန်သိမ်းထားတော့ အမေတို့လာနေကြပြီ "
ကြည်နူးပေးတဲ့ ပုဆိုးကို လင်းနေသူ့ကိုအိတ်ထဲထည့်သိမ်းလိုက်တယ်။ မနက် 7 နာရီကျော်လောက်မှာ ရန်ကုန်ကနေစထွက်လာပြီး ညနေ 5 နာရီကျော်လောက်မှ ပုဂံကိုရောက်၏။ ပုဂံမှာ ကြည်နူးအဖေဖွင့်ထားတဲ့ Hotel ရှိတာမို့ အဲ့ဒီမှာပဲ တည်းကြ၏။
လင်းနေအဖေနဲ့အမေကတစ်ခန်း။ ကြည်နူး အဖေနဲ့အမေကတစ်ခန်း။ ကြည်နူးနဲ့ဖွေးဖွေးက နှစ်ယောက်အိပ်ကုတင်ပါတဲ့အခန်းမှာနေကာ လင်းနေကတော့ တစ်ယောက်ခန်းမှာနေ၏။
လင်းနေက ဒါကိုသိပ်မကျေနပ် ယောကျာ်းလေးနှစ်ယောက်ပဲဟာ တစ်ခန်းတည်းအတူတူပေးသုံးလိုက်တော့ဘာဖြစ်မှာမလို့လဲ။ မိန်းကလေးဖြစ်တဲ့ ဖွေးဖွေးကိုပဲ တစ်ခန်းသပ်သပ်ပေးနေရမှာပေါ့။
လင်းနေမေ့နေတာက ဖွေးဖွေးကမိန်းကလေးဆိုပေမယ့် အခုမှအသက် 12 နှစ်ပဲရှိသေးတဲ့ ကလေးဆိုတာပါပဲ။
[ နူး ကိုယ့်အခန်းကိုလာခဲ့ ]
အကို့စာကိုဖတ်ပြီး ကြည်နူး အိပ်ပျော်နေတဲ့ ညီမလေးကိုတစ်ချက်ကြည့်လိုက်တယ်။ ခြေသံဖွဖွလျှောက်ကာ အခန်းကတံခါးကိုဂရုစိုက်ဖွင့်ပြီး ကြည်နူးအခန်းအပြင်ကိုထွက်လာခဲ့တယ်။
လင်းနေအခန်းအရှေ့ကိုရောက်တော့ ကြည်နူးဟိုဘက်ကြည့်၊ဒီဘက်ကြည့်နဲ့ အခန်းတံခါးကိုခေါက်လိုက်သည်။ ပွင့်လာတဲ့အခန်းတံခါးနဲ့အတူတူ လက်တစ်စုံထွက်လာပြီး ကြည်နူးကိုယ်လေးကို အခန်းထဲကိုဆွဲသွင်းသွားတယ်။
လင်းနေ ကြည်နူးကိုသူ့ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထား၏။
" ဒီမှာပဲ ကိုယ်နဲ့အတူတူနေ "
" မရတာသိရဲ့သားနဲ့ အကိုကလည်း... "
" ဘာလို့မရတာလဲ "
" ဖွေးဖွေးကိုတစ်ယောက်တည်းထားခဲ့လို့မရဘူးလေ...ကျွန်တော်သာအကိုနဲ့လာနေရင် ကျွန်တော်တို့အကြောင်း လူကြီးတွေသိကုန်မှာပေါ့ "
" နူးကကိုယ်တို့အကြောင်းကို မသိစေချင်ဘူးလား "
" မသိစေချင်မှတော့ ကျွန်တော်အရဲစွန့်ပြီး come out တောင်လုပ်မနေဘူး "
" ဒါဆို ပြောရအောင်လေကွာ။ ကိုယ်က London ပြန်ရတော့မှာ... "
" ရန်ကုန်ရောက်မှပြောရအောင်လေနော်...လူကြီးတွေက ဘယ်လိုတုံ့ပြန်မလဲမသိဘူး။ ခရီးထွက်နေတုန်းကြီးဆိုတော့ ကျွန်တော်စိုးရိမ်လို့။ ရန်ကုန်ရောက်မှ အေးဆေးပြောရအောင် "
" ရန်ကုန်ရောက်ရင် တကယ်ပြောမှာနော် "
" အွန်း။ တကယ်၊တကယ်။ ကျွန်တော်ကတိပေးတယ် "
ကြည်နူးက လင်းနေရင်ခွင်ထဲကနေ မျက်လုံးကလေးလှန်ကြည့်ကာပြော၏။ လင်းနေရဲ့အကြည့်တွေက ကြည်နူးရဲ့နှုတ်ခမ်းရဲရဲကလေးပေါ်ရောက်သွားကာ စက္ကန့်ပိုင်းကလေးအတွင်းမှာပဲ ကြည်နူးရဲ့နှုတ်ခမ်းကိုနမ်းရှိုက်လိုက်တယ်။ လင်းနေကကြည်နူးရဲ့ခါးကို လက်ဖြင့်ပွေ့ကိုင်ထားပြီး အနမ်းကိုပို၍နက်ရှိုင်းစေတယ်။
ကြည်နူးအသက်ရှူမဝဖြစ်လာပြီး လင်းနေရင်ဘတ်ကိုလက်သီးဆုပ်ကလေးနဲ့ထုတော့မှ လင်းနေကကြည်နူးကိုလွှတ်ပေး၏။ စိုရဲရဲနှုတ်ခမ်းကလေးဟကာ ကြည်နူးအသက်ရှူရင်း လင်းနေကို မျက်စောင်းထိုးကာကြည့်လိုက်တယ်။
" တွေ့လိုက်တိုင်း ဒီလိုကြီးပဲ...ကျွန်တော့်ကိုအသက်ရှူကြပ်ပြီး သေအောင်လုပ်နေတာလား "
လင်းနေက ရီဝေဝေအကြည့်တွေဖြင့် ကြည်နူးရဲ့ နားထင်နားက ဆံပင်စလေးတွေကို နားအနောက်ကိုသပ်ပေးလိုက်ရင်း...
" ကိုယ်နမ်းတာကို မကြိုက်ဘူးလား "
အကို့ အသံကတိုးရှရှဆိုပေမယ့် အကိုက ကြည်နူး အနားကိုကပ်ပြောနေတာကြောင့် ပြတ်ပြတ်သားသားကြားရ၏။ အကို့ ရီဝေဝေမျက်ဝန်းတွေကို ကြည်နူးရဲရဲတင်းတင်းပဲပြန်ကြည့်လိုက်ကာ..
" Kiss me " လို့ ပြောပြီး ကြည်နူးဘက်ကနေအရင် လင်းနေကိုနမ်းလိုက်တယ်။
ကြည်နူးကစနမ်းသူဆိုပေမယ့် အနမ်းကိုဆက်ဦးဆောင်သွားတဲ့သူကတော့ လင်းနေပါပဲ။
အနမ်းတွေရပ်သွားအချိန် သူ့ရင်ဘတ်ပေါ် မှီချကာ အမောဖြေနေနဲ့ ကြည်နူးရဲ့ခေါင်းလေးကို လင်းနေ ခေါင်းငုံ့ကာဖိနမ်းလိုက်တယ်။
" nue...I'm so in love with you "
" I love you,Only you...It will only ever be you "
ကြည်နူး အကို့ရဲ့ဩရှရှ အင်္ဂလိပ်စကားသံကိုသိပ်သဘောကျမိသည်။
[text_hash] => 51231da5
)
What do you think?