Array
(
[text] =>
Episode - 16
-
-
-
-
-
-
-
-
ကြည်နူးတို့ ပုဂံမှာ 4 ရက်နေပြီးနောက် ရန်ကုန်ကိုပြန်လာခဲ့ကြတယ်။ အခု ကြည်နူး အခန်းထဲမှာ ငြိမ်းဇာနဲ့ရန်ချင်းရောက်နေပြီး သုံးယောက်သာ စာအတူတူလုပ်နေကြ၏။ သုံးယောက်လုံးက မေဂျာတွေမတူပေမယ့် cambridge university မှာကျောင်းဆက်တက်ဖို့ရွေးထားသည်။
" ကြည်နူး နင်တို့အကြောင်း အန်တီတို့ကိုပြောပြီးပြီလား "
ငြိမ်းဇာကကြည်နူးကိုမေးသည်။
" ဒီညပြောမလို့ မနက်ဖြန် အကိုက London ပြန်တော့မှာလေ "
" Aigoo ဟိုးအရင်ကဆို အပြင်သွားဖို့တောင် ဒီမမကပဲ အိမ်ကိုလိုက်ခွင့်တောင်ပေးခဲ့ရတာ။ အခုတော့ အချစ်စွမ်းအားကြောင့် သတ္တိတွေအရမ်းရှိနေတယ်ပေါ့လေ "
ငြိမ်းဇာက ကြည်နူးနဲ့ရန်ချင်းထက် လပိုင်းလေးပဲကြီးတာတောင် တစ်ခါတလေဆို သူ့ကိုယ်သူ မမ လို့သုံး၏။ ငြိမ်းဇာက ကြည်နူးနဲ့ရန်ချင်းရဲ့ အစ်မကြီးအရမ်းဖြစ်ချင်တာ။
" ဗိုက်ဆာတယ်ဟာ နင့်အိမ်မှာခေါက်ဆွဲထုပ်လေးဘာလေးမရှိဘူးလား ကြည်နူး "
" မုန့်တွေကောအသီးတွေကော နင်တစ်ယောက်တည်းအကုန်စားထားတာလေ။ ဒါလည်း ဗိုက်ဆာနေသေးတာပဲလား "
အိမ်ရှင် ကြည်နူးအစား ရန်ချင်းကပြော၏။ ငြိမ်းဇာက စာလုပ်တာနည်းနည်း မုန့်စားနေတာများများ။
" ဟဲ့ ကောက်ကွေးကောင်! ငါ့ပါးစပ်နဲ့ငါစားတာလေ ဘာဖြစ်လဲ "
ရန်ချင်းတစ်ယောက် သူ့ရဲ့ curly hair ကြောင့် ကောက်ကွေးကောင်ဆိုတဲ့ နာမည်ပြောင်ရလာတော့တာပဲ။
" နင်သာ အစားသရဲ။ ဘယ်လောက်စားစားမဝနိုင်ဘူး။ ဗိုက်ထဲ သူတောင်းစားဝင်နေတာလား "
" တော်ကြစမ်းပါ မင်းတို့တွေ။ စာကိုအေးအေးဆေးဆေးမလုပ်ရဘူး။ ငြိမ်းဇာ နင်ခေါက်ဆွဲပြုတ်စားချင်တာမဟုတ်လား။ အောက်မှာရှိတယ် "
ကြည်နူးကပဲဝင်တားပြီး ငြိမ်းဇာကိုအောက်ထပ်ခေါ်သွားတယ်။ သူတို့နှစ်ယောက်အခန်းထဲကနေ ထွက်သွားတော့ ရန်ချင်းကလည်းအနောက်ကနေလိုက်လာ၏။
" သုံးထုပ်ပြုတ် ငါ့အတွက်ပါပြုတ်ပေး ကြက်ဥပါထည့်နော် "
ခေါက်ဆွဲပြုတ်နေတဲ့ ငြိမ်းဇာကို ရန်ချင်းကအနောက်ကနေ လှမ်းပြော၏။ ငြိမ်းဇာက မလုပ်ပေးချင်သလိုလိုနဲ့ ပွစိပွစိပြောနေပေမယ့် သူ့လက်တွေက ခေါက်ဆွဲထုပ်နောက်တစ်ထုပ်ကိုလှမ်းယူနေ၏။
ကြည်နူးကတော့ ရေခဲသေတ္တာထဲမှာရှိတဲ့ မုန်ညင်းရွက်၊အသားလုံးနဲ့၊ကြက်ဥကို ထုတ်လာပေးတယ်။
" မုန်ညင်းရွက် ရေသွားဆေးပေး။ ရေနဲ့ပဲဆေးနော် "
ကြည်နူးက ရန်ချင်းကို မုန်ညင်းရွက်အထုပ်ပေးလိုက်တယ်။
" ရေနဲ့မဆေးလို့ ငါကဘာနဲ့ဆေးရမှာလဲ "
" နင်ဆပ်ပြာနဲ့ဆေးတာလေ။ အမယ်လေး မေ့ချင်ယောင်လာဆောင်နေတယ် "
ခေါက်ဆွဲပြုတ်နေတဲ့ ငြိမ်းဇာကပြောသည်။
" ဘယ်နှစ်နှစ်တောင် ကြာနေပြီးလဲ မင်းတို့အဲ့တာကို အခုထိပြောလို့မပြီးသေးဘူးလား! "
မုန်ညင်းရွက်ကိုင်ထားတဲ့ ရန်ချင်းက သူ့သူငယ်ချင်းနှစ်ယောက်ကို မကျေနပ်တဲ့လေသံနဲ့ပြန်ပြော၏။
သူတို့ အထက်တန်းအောင်တော့ သုံးယောက်သား trip လေးတစ်ခုသွားတုန်းက ကိုယ့်ဘာသာကိုယ်အသားကင်စားမယ်ဆိုပြီး ပြင်ဆင်ကြတာ။ ရန်ချင်းကို ဆလတ်ရွက်လေးဆေးခိုင်းမိပါတယ် ပြန်ကိုပေါ်မလာတော့လို့ သွားကြည့်တော့ တစ်ရွက်ချင်းစီကို ဆပ်ပြာရည်နဲ့သေချာပွတ်ဆေးနေလေရဲ့။ နှစ်တွေကြာသွားတာတောင် ရန်ချင်းက ကိစ္စနဲ့ပတ်သက်ပြီး အစခံနေရတုန်းပဲ။ ဟိုနှစ်ယောက်ကလည်း ဒီအကြောင်းကို ဘယ်တော့မှမေ့မှာမဟုတ်လောက်ဘူး။
ရန်ချင်းဆေးလာပေးတဲ့ မုန်ညင်းရွက်ကို ခေါက်ဆွဲပြုတ်ထဲမထည့်ခင် ငြိမ်းဇာက ဆပ်ပြာနံရမရသေချာအောင် နမ်းကြည့်လိုက်သေးတယ်။
" ရေနဲပဲဆေးလာတာ!!! "
ရန်ချင်းကအသံကျယ်ကြီးနဲ့ထအော်တယ်။
" သေချာအောင်လို့ပါဟယ်။ နင်ကယုံရတာမဟုတ်ဘူး "
သုံးယောက်အတူတူ ခေါက်ဆွဲပြုတ်စားပြီးနောက် ရန်ချင်းနဲ့ငြိမ်းဇာပြန်သွားကြတယ်။ လာတုန်းကတော့ အားကြိုးမာန်တက်နဲ့ တစ်နေ့လုံး တစ်ညလုံးစာလုပ်ကြတော့မလိုနဲ့ ဗိုက်လည်းပြည့်ကော အိပ်ငိုက်နေပြီတဲ့လေ။ ကျန်တဲ့ခဲ့ ကြည်နူးကလည်း စာဆက်မလုပ်ပါ။ သူ့အခန်းထဲဝင်သွားပြီး ကုတင်ပေါ်လှဲအိပ်နေလေရဲ့။
-
အလုပ်ကောကျောင်းကိုကော ပစ်ပြီး လင်းနေ ကြည်နူးဆီလာလာခဲ့တာမလို့ မနက်ဖြန်တော့ သူ London ကို မဖြစ်မနေ ပြန်မှရတော့မယ်။
" ကြည်နူး မပြီးသေးဘူးလား "
အိမ်အောက်ထပ်က အမေ့အော်ခေါ်သံကြောင့် ကြည်နူး ရေမွှေးခပ်မြန်မြန်စွတ်ပြီး အခန်းထဲကနေထွက်လာခဲ့တယ်။
မနက်ဖြန် လင်းနေ London ပြန်တော့မှာမလို့ လင်းနေမိဘတွေက ကြည်နူးအဖေပိုင်တဲ့ Hotel မှာ သူ့စီးပွားရေးမိတ်ဆွေတွေကိုဖိတ်ကာ ပါတီစီစဉ်ထားတယ်။ ဦးလင်းမင်းသူက လင်းနေကို မိသားစုစီးပွားရေးကိုပဲ ဦးဆောင်စေချင်ပေမယ့် လင်းနေက စိတ်မဝင်စား။ လင်းနေက မိဘအကူအညီမယူပဲ သူ့ခြေထောက်ပေါ်သူရပ်တည်ချင်တဲ့ လူစားမျိုးပင်။
အခုပါတီကိုလည်း လင်းနေသဘောမကျ သူ့အဖေက သူ့ကိုလုပ်ငန်းရှင်တွေကြားထဲ ပွဲထုတ်ချင်နေတာလေ။ လင်းနေသာ Gay မဟုတ်ရင် သူ့အဖေက သူ့စီးပွားရေးပါတနာတွေနဲ့ သားရေးသမီးရေးကိစ္စတွေပါဆွေးနွေးနေမှာ။
" မင်းမျက်နှာကဘာဖြစ်နေတာလဲ ပြုံးထားလေ။ ဒါ မင်းအတွက်လုပ်ပေးတဲ့ ပွဲလေ "
" ဘယ်သူလုပ်ခိုင်းလို့လဲ! "
လင်းနေက မျက်နှာရှစ်ခေါက်ချိုးနဲ့ သူ့အဖေဘေးကနေထွက်သွားတယ်။ သူ့အတွက်လုပ်တဲ့ပွဲသာဆိုတယ် သူသိတဲ့လူတစ်ယောက်မှမရှိဘူး။ အဖေ မိတ်ဆက်ပေးသမျှလူတွေကို လိုက်နှုတ်ဆက်ရတာ လင်းနေ ဝောာ်တော်စိတ်ကုန်နေပြီ။
အဲ့ဒီအချိန်မှာပဲ ကြည်နူးကိုလည်းတွေ့ကော လင်းနေရဲ့မျက်နှာက ကန္တာရထဲသောက်ရေတွေ့လိုက်သလိုပင်။ နို့နှစ်ရောင် Suit ကိုဝတ်ထားတဲ့ ကြည်နူးရဲ့ပုံစံကလေးက ဒီနေ့ည လင်းနေ မျက်ဝန်းထဲ အလှပဆုံး ပုံရိပ်ကလေးပင်။
လင်းနေကတော့ အစတည်းကဒီပွဲကိုမတက်ချင်တဲ့သူမလို့ တစ်ကိုယ်လုံး အမည်းရောင်တွေချည်းဝတ်ထားတယ်။ အဲ့လိုဝတ်ထားတာကပဲ လင်းနေကိုပိုကြည့်ကောင်းနေစေခဲ့တာ။
ကြည်နူးတို့ရောက်တော့ ဦးလင်းမင်းသူနဲ့ဒေါ်နှင်းဆီတို့က ချက်ချင်းပဲ သူတို့အနားရောက်လာကြတယ်။ ကြည်နူး အကို့အနားကိုသွားချင်ပေမယ့်လည်း အန်တီနှင်းဆီက ကြည်နူးရဲ့လက်ကိုကိုင်ကာ စန္ဒရားတီးပေးဖို့တောင်းဆိုနေ၏။
ကြည်နူးက အသက် ၆ နှစ်လောက်ကတည်းက စန္ဒာရားကိုဆရာနဲ့သေသေချာချာသင်ခဲ့တာမို့ ကျွမ်းကျွမ်းကျင်ကျင်တီးတက်၏။ ငယ်ငယ်ကဆိုလည်း ကျောင်းစုံညီပွဲတိုင်းမှာ အဖွင့် စန္ဒရားတီးပေးနေကြပင်။ အခုတော့ မတီးတော့တာကြာပြီဆိုပေမယ့်လည်း ငြင်းလို့လည်းမကောင်းတာမို့ ကြည်နူး စန္ဒရားအရှေ့မှာ ထိုင်လိုက်ရတော့တယ်။
ကြည်နူး စန္ဒရားတီးနေတာကိုကြည့်နေတဲ့ လင်းနေရဲ့မျက်ဝန်းတွေက တောက်ပနေပြီး အချစ်တွေဖြာထွက်နေ၏။
" ကြည်နူးကို အဲ့ဒီလောက်တောင် သဘောကျလား "
" အင်း... "
ကြည်နူးဆီကိုပဲ အာရုံရောက်နေတဲ့ လင်းနေကသူ့ကိုဘယ်သူမေးမှန်းမသိပဲ ပြန်ဖြေ၏။
" အမေ "
ဒေါ်နှင်းဆီကသူ့သားကိုပြုံးပြုံးကလေးကြည့်နေ၏။
" ဘယ်လိုသိတာလဲ "
လင်းနေကသူ့အမေကိုမေးသည်။ သူ့အမေကသူဖြစ်တည်မှုကိုသိပြီးသားမလို့ စိုးရိမ်ပူပန်ခြင်းတော့မရှိ။
" Eyes never lie "
" မျက်လုံးတွေကလိမ်လို့မရဘူး။ မင်းတစ်ခြားလူတွေကို ကြည့်တဲ့အကြည့်နဲ့ ကြည်နူးကိုကြည့်တဲ့အကြည့်က ကွာခြားလွန်းတယ်...မင်းမျက်လုံးတွေထဲမှာ အချစ်တွေကိုမြင်နေရတယ် "
သူ့အမေစကားကိုနားထောင်ပြီး လင်းနေပြုံးလိုက်ကာ အရှေ့ကကြည်နူးကိုပြန်ကြည့်လိုက်တယ်။
" ကျွန်တော်သူ့ကိုအရမ်းချစ်တယ် အမေ "
ကြည်နူး စန္ဒရားတီးပြီးနောက် သူ့အဖေနဲ့အမေအနားပြန်ရောက်လာ၏။ ဘေးမှာလည်း လင်းနေကော လင်းနေရဲ့မိဘတွေလည်းရှိနေကြသည်။ ကြည်နူးကလင်းနေဘေးမှာရပ်လိုကိုကာ လင်းနေကိုတစ်ချက်ကြည့်လိုက်ပြီး စိတ်ကိုလျှော့ကာ သူတို့အကြောင်းကို လူကြီးတွေကိုပြောဖို့ ဆုံးဖြတ်လိုက်တယ်။
" အဖေ...အမေ...ကျွန်တော်ပြောစရာရှိလို့ "
ကြည်နူးပြောလိုက်တော့ အန်တီနှင်းဆီနဲ့ရယ်ရယ်မောမောစကားပြောနေတဲ့ အမေကလည်း ကြည်နူးကိုကြည့်လာ၏။ အခု အားလုံးရဲ့အကြည့်က ကြည်နူးဆီမှာပဲရှိနေတယ်။
" ကျွန်တော်နဲ့...ကျွန်တော်နဲ့... "
သူ့ကိုအကို့ရဲ့မိဘတွေကလည်း ကြည့်နေကြတာကြောင့် ကြည်နူးဆက်မပြောရဲတော့ဘူး။ သူ့မိဘတွေထက် အကို့ရဲ့မိဘတွေကို ကြည်နူးကြောက်နေမိသည်။
အဲ့ဒီအချိန်မှာပဲ ကြည်နူးရဲ့လက်ကို လင်းနေဆုပ်ကိုင်လိုက်တယ်။
" ကျွန်တော်တို့နှစ်ယောက်တွဲနေကြတာပါ "
ကြည်နူးမပြောရဲတဲ့စကားကို လင်းနေက ကြည်နူးမိဘတွေရဲ့မျက်နှာကို ရဲရဲကြီးကြည့်ကာ ပြောလိုက်တယ်။ ကြည်နူးရဲ့လက်ကို ခပ်တင်းတင်းကိုင်ထားကာ သူ့ပုံစံက ဘာကိုကြောက်မနေဘူး။
" ဘယ်တုန်းကတည်းကလည်း သား "
ကြည်နူးရဲ့အဖေကကြည်နူးကိုမေးသည်။
" London မှာကတည်းကပါ။ ကျွန်တော် နူးကြောင့်ပဲ မြန်မာပြည်ကိုရောက်လာတာ "
မေးတာကတော့ ကြည်နူးကိုဆိုပေမယ့် ပြန်ဖြေတာကတော့ လင်းနေ ဖြစ်နေ၏။
" ငါမင်းကိုမမေးဘူး။ ငါ့သားငါမေးနေတာ "
မတော်ရသေးတဲ့ ယောက္ခမရဲ့လေသံမာမာနဲ့ပြောတဲ့စကားကြောင့် လင်းနေ ရှိုးတိုးရှန့်တန့်ဖြစ်သွားတယ်။
" ဟို...အကိုပြောတဲ့အတိုင်းပါပဲ အဖေ "
ဒီတစ်ခါတော့ ကြည်နူးကသူ့အဖေကို မရဲတရဲကလေးကြည့်ကာ ပြော၏။
ဒေါ်နှင်းဆီနဲ့ဒေါ်မိမိမော်တို့က ရိပ်မိပြီးသားမို့ လန့်မသွားကြပေမယ့် သူတို့အမျိုးသားတွေကတော့ မယုံနိုင်ဖြစ်နေကြသည်။ ဒေါ်နှင်းဆီနဲ့ဒေါ်မိမိမော်က သူတို့သားနှစ်ယောက်ရဲ့ မင်္ဂလာပွဲအထိ တိုင်ပင်ပြီးကြပြီ။
" မင်း ငါ့အနောက်လိုက်ခဲ့ "
ဦးကြည့်ခန့် လင်းနေကို ခပ်တန်းတန်းကြည့်ကာ ပြောလိုက်ပြီး အရှေ့ကနေထွက်သွားသည်။ သူ့ကိုစိုးရိမ်တဲ့မျက်နှာလေးနဲ့ကြည့်နေတဲ့ ကြည်နူးကို လင်းနေခပ်ရေးရေးပြုံးလိုက်ပြီး ဦးကြည်ခန့်အနောက်ကိုလိုက်သွား၏။
" မင်းကမင်းမိဘတွေရဲ့အထောက်အပံ့မယူပဲ London မှာအလုပ်လုပ်ရင်း ကျောင်းဆက်တက်နေတာဆို ဟုတ်လား "
" ဟုတ်ကဲ့ "
" မင်းဘာအလုပ်လုပ်လဲ "
" ကျွန်တော့်မှာကုမ္ပဏီအသေးစားလေးတစ်ခုရှိပါတယ် "
" ငါ့သားနဲ့ဘယ်အခြေအနေထိသွားမယ်လို့ စိတ်ကူးထားလဲ "
" ကျွန်တော် နူးနဲ့လက်ထပ်ဖို့အထိရည်ရွယ်ထားပါတယ် "
အဖေအရှေ့မှာ သားနဲ့လက်ထပ်ဖို့ကို မကြောက်မရွံ့ပဲပြောနေတဲ့ လင်းနေကြောင့် ဦးကြည်ခန့် မျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။
" မင်းမှာအိမ်ပိုင်ရှိလား "
" မရှိပါဘူး "
" ကားကော "
" မရှိပါဘူး "
" ဒါဆို မင်းမှာဘာပိုင်ဆိုင်မှုရှိလို့ ငါ့သားနဲ့လက်ထပ်မှာတုန်း။ မင်းမိဘတွေပိုင်တဲ့ဟာတော့ လာမပြောနဲ့နော် "
" လောလောဆယ်တော့ ကျွန်တော့်မှာပိုင်ဆိုင်တာ နူးအတွက်အချစ်တွေပဲရှိပါတယ်... "
" အန်ကယ်စိတ်မပူပါနဲ့။ ကျွန်တော်ကြိုးစားနေပါတယ်။ ကျွန်တော့်မှာအရာအားလုံးရှိလာတဲ့ တစ်နေ့ကျမှ ကျွန်တော် နူးနဲ့လက်ထပ်မှာပါ...အန်ကယ်တို့ထားတာထက် မနိမ့်အောင် ကျွန်တော်နူးကိုထားမှာပါ "
" ဒီလိုစကားကတော့ လူတိုင်းပြောတက်တယ်။ တကယ့်လက်တွေ့ကျ ဘာမှဖြစ်မလာဘူး "
" တကယ်ဖြစ်လာရင်ကော အန်ကယ် ကျွန်တော့်ကို နူးနဲ့လက်ထပ်ခွင့်ပြုမှာလား "
" ပြောတဲ့အတိုင်းသာ အရင်ဖြစ်အောင်လုပ်စမ်းပါ။ ဘာမှမရှိပဲ လက်ထပ်ချင်မနေနဲ့ "
ဦးကြည်ခန့်ကအရင် လင်းနေအရှေ့ကနေထွက်သွားတယ်။
ကြည်နူးနဲ့လက်ထပ်နိုင်ဖို့အတွက်ဆို လင်းနေကျရှုံးလို့မဖြစ်ဘူး။ လင်းနေအောင်မြင်မှဖြစ်မယ်...။
[text_hash] => ee57042e
)
What do you think?