Array
(
[text] =>
Episode - 20
-
-
-
-
-
-
-
ကြည်နူး အတန်းထဲမှာ မူးလဲသွားလို့ သူ့အတန်းထဲသူငယ်ချင်းတွေကပဲ ကြည်နူးကိုဆေးရုံခေါ်သွားပေးကြတယ်။ ကြည်နူး ထိုင်ခုံမှာထိုင်ကာ ဘယ်ဘက်လက်မှာ Iv drip သွင်းထားတာမို့ ညာဘက်လက်ဖြင့် ဖုန်းကိုထုတ်လိုက်ပြီး လင်းနေဆီကို ကြည်နူး ဖုန်းခေါ်လိုက်တယ်။
ပထမတစ်ကြိမ်လည်း ဖုန်းမကိုင်၊ ဒုတိယတစ်ကြိမ်လည်း ဖုန်းမကိုင်၊ တတိယတစ်ကြိမ်မှာလည်း ဖုန်းမကိုင်ဘူး။ မကိုင်တဲ့ ဖုန်းကို ကြည်နူး ဆက်ခေါ်မနေတော့ဘူး။
ကြည်နူး သူ့သူငယ်ချင်းနှစ်ယောက်ကိုပဲ ခေါ်လိုက်ပြီး သိပ်မကြာခင်မှာပဲ နှစ်ယောက်လုံးက ချက်ချင်းကို ကြည်နူးရှိနေတဲ့ ဆေးရုံကိုရောက်လာပေးကြတယ်။
ငြိမ်းဇာနဲ့ရန်ချင်းက ကြည်နူး Iv drip ကုန်တဲ့အထိ စောင့်ပေးပြီး ဒီနေ့တော့ London ကိုမပြန်ပဲ သူတို့နဲ့ပဲလိုက်နေဖို့ပြော၏။ ကြည်နူးကတော့ လက်မခံ။ London ကိုပဲပြန်မယ်ဆိုကာ ခေါင်းမာနေတာကြောင့် သူတို့နှစ်ယောက်လည်း မနိုင်တဲ့အဆုံး ဘူတာကိုပဲ လိုက်ပို့ပေးရသည်။
Cambridge ကနေ London ကို ရထားစီးနေ
တုန်း ကြည်နူးဆီကို ဖုန်းဝင်လာတယ်။ contact name လေးကို ခပ်တွေတွေလေးကြည့်လိုက်ပြီး ကြည်နူးဖုန်းကိုင်လိုက်တယ်။
" Sorry နူး...ကိုယ် အလုပ်ရှုပ်နေလို့ နူး ဖုန်းဆက်တာကိုမသိလိုက်ဘူး။ နူး ဘာကိစ္စရှိလို့လဲ "
" ဟင့်အင်း...ဘာကိစ္စမှမရှိပါဘူး "
ကြည်နူး လိမ်လိုက်မိသည်။
အဲ့ဒီနေ့က အကိုကမိုးတော်တော်ချုပ်မှာ အိမ်ပြန်ရောက်လာတယ်။ အလုပ်ပင်ပန်းနေပုံလည်း ပေါ်တာကြောင့် ကြည်နူး သူဆေးရုံရောက်သွားတဲ့အကြောင်းကို မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
အခန်းထဲက computer အရှေ့မှာ အလုပ်လုပ်နေတဲ့ အကို့ကိုတစ်ချက်ကြည့်ပြီး ကြည်နူးအိပ်ရာဝင်လိုက်တော့တယ်။
ကြည်နူး မနက်နိုးလာတဲ့အချိန် အကိုကအိမ်မှာမရှိတော့ဘူး။ ကြည်နူး မနက်စာစားပြီး ကျောင်းသွားဖို့ ပြင်ဆင်ကာ အိမ်ကနေထွက်လာခဲ့တယ်။ တစ်အိမ်တည်းအတူတူနေနေပေမယ့် သူတို့နှစ်ယောက်ကြားထဲမှာ တဖြည်းဖြည်းဝေးကွာလာသလိုပဲ...။
ဒီနေ့တော့ ကြည်နူးရဲ့ကျောင်းပိတ်ရက်ဖြစ်တာမို့ ကြည်နူး အကိုနဲ့အချိန်အတူတူဖြုန်းဖို့စိတ်ကူးထားတယ်။ အကိုကလည်း ဒီနေ့တစ်နေကုန် ကြည်နူးနဲ့အတူတူနေပါ့မယ်လို့ ကတိပေးထားတယ်။
" ဘယ်သွားမလို့လဲ အကို "
အဝတ်အစားလဲနေတဲ့ လင်းနေကိုကြည့်ကာ ကြည်နူးမေးလိုက်သည်။
" ကိုယ်ကုမ္ပဏီကိုသွားရမယ် နူး။ app အသစ်ထုတ်မယ့်ရက်ကနီးမှ ပြဿနာတွေပေါ်လာလို့ "
" အကိုကျွန်တော့်ကို ကတိပေးထားတယ်လေ...ဒီနေ့တစ်နေကုန် ကျွန်တော်နဲ့အတူတူရှိနေပေးမှာဆို "
" ကိုယ်တို့ကနေ့တိုင်း အတူတူရှိနေတာပဲ မဟုတ်ဘူးလား နူးရဲ့။ မဆိုးနဲ့တော့...ကိုယ်တကယ်အရေးကြီးနေလို့ "
လင်းနေကကြည်နူးကိုအနားကိုလာကာ ကြည်နူးရဲ့နဖူးလေးကို ခပ်ဖွဖွဖိနမ်းပြီး ထွက်သွား၏။
ကြည်နူးကအကို့အတွက်အရေးမကြီးတော့ဘူး ထင်တယ်...။
-
ဒီနေ့ ကြည်နူးမွေးနေ့။ အကိုမမေ့ဖို့ ကြည်နူးမျှော်လင့်မိသည်။
ဒီနေ့လည်း နောက်ကျမှ အိမ်ပြန်လာတဲ့ လင်းနေရဲ့လက်ထဲမှာ စတော်ဘယ်ရီကိတ်ကလေးကိုင်ထားတာကိုတွေ့တော့ ကြည်နူး ပြုံးသွား၏။
" Happy birthday Nue... "
အကိုမမေ့ဘူးပဲ။
စားပွဲပေါ်မှာ ကိတ်မုန့်ကိုတင်လိုက်ပြီး အကိုက အိတ်ထဲကနေ ဘူးလေးတစ်ဘူးထုတ်လိုက်တယ်။
" နူးအတွက် ကိုယ့်ရဲ့မွေးနေ့လက်ဆောင် "
ဘူးလေးထဲမှာ ဆွဲကြိုးလှလှကလေး တစ်ကုန်ရှိနေတယ်။ လင်းနေကသူကိုယ်တိုင် ကြည်နူးကို ဆွဲကြိုးဆွဲပေး၏။
" ကိတ်ခွဲရအောင် "
ကြည်နူးနဲ့အတူတူ ဖယောင်းတိုင်ထွန်းနေတုန်း အကိုဆီကဖုန်းသံမြည်လာတယ်။ တစ်ဖက်ကဘာပြောလိုက်လဲမသိ အကို့မျက်နှာက တဖြည်းဖြည်းနဲ့ ဒေါသတွေဖုံးလွှမ်းလာပြီး ကြည်နူးကိုတောင် ဘာမှမပြောပဲ အိမ်ထဲကနေပြေးထွက်သွားတယ်။
ကြည်နူး အကို့ကိုလှမ်းလည်းမဆွဲမိသလို၊ခေါ်လည်းမခေါ်တော့ဘူး။ ခုံမှာထိုင်လိုက်ပြီး အရှေ့က ဖယောင်းတိုင်ထွန်းထားတဲ့ မွေးနေ့ကိတ်ကို ကြည်နူး စိတ်ပျက်ပျက်နဲ့ကြည့်လိုက်တယ်။
ကြည်နူးဘဝမှာ မွေးနေ့ကို ဒီလောက်အထိ အထီးကျန်ကျန် မဖြတ်သန်းခဲ့ဖူးဘူး...။
-
" ငါတို့ဘာဆက်လုပ်ကြမလဲ Jayden "
ရိန်းယံကစိုးရိမ်နေတဲ့မျက်နှာနဲ့မေးသည်။
လင်းနေရဲ့မျက်နှာထားကတော့ တင်းမာနေ၏။ ဒေါသကိုတော်တော်ထိန်းထားရတဲ့ပုံပင်။
သူတို့ ကုမ္ပဏီကနေထုတ်မယ့် Game app နဲ့တစ်ပုံတည်းတူတဲ့ Game app ကို တစ်ခြားကုမ္ပဏီတစ်ခုက အရင်ထုတ်သွားတယ်။ Gameထဲက Character တွေကအစ
အားလုံးက သူတို့ဖန်တီးထားတာနဲ့ တစ်ပုံတည်းမှတစ်ပုံတည်းပဲ။ သေချာတာကတော့ သူတို့ကုမ္ပဏီထဲ သစ္စာဖောက်ရှိနေတာပဲ။
ဒီအခြေအနေထိရောက်အောင် အားလုံး အတူတူကြိုးစားခဲ့ကြတာမလို့ လင်းနေသူ့လူတွေကို အများကြီးယုံကြည်ထားတယ်။ အခု ထုတ်မယ့် app အတွက် လင်းနေ အများကြီးမျှော်လင့်ထားသလို၊ နေ့မအိပ်ညမအိပ်နဲ့ လပေါင်းများစွာ ပင်ပန်းခံကြိုးစားခဲ့တာ။ အခုတော့ လွယ်လွယ်ကူးကူးပဲ သူကြိုးစားထားခဲ့သမျှက ပျက်စီးကုန်ပြီ။
ဒီနေ့ညတော့ ဒေါသထွက်ရုံကလွဲပြီး သူတို့ဘာမှလုပ်မရတာကြောင့် လင်းနေ စိတ်ပျက်၊လက်ပျက်နဲ့ အိမ်ကိုပြန်လာခဲ့တယ်။
လင်းနေအိမ်ပြန်ရောက်တော့ အထုပ်အပိုးတွေနဲ့ ကြည်နူးကိုတွေ့လိုက်တယ်။
" ဘယ်သွားမလို့လဲ နူး "
လင်းနေရဲ့မျက်နှာကို ကြည်နူး အားတင်းကာကြည့်လိုက်တယ်။
" ကျွန်တော်တို့ လမ်းခွဲကြရအောင်... "
နူး ဆီက ကြားလိုက်ရတဲ့ စကားကို သူမယုံနိုင်ခဲ့ဘူး။ သူနားကြားမှားတာဖြစ်လိမ့်မယ်။
" နူး ကိုယ့်ကိုနောက်မနေနဲ့တော့။ ကိုယ်ဒီနေ့ ပင်ပန်းနေပြီ "
" ကျွန်တော်လည်း ပင်ပန်းတယ်!!! နေ့တိုင်း London နဲ့ Cambridge ကိုအသွားအပြန်လုပ်နေရတာ ကျွန်တော်လည်းပင်ပန်းနေပြီ...!! "
" အဲ့တာကြောင့် အစကတည်းက ကိုယ်နူးကိုပြောခဲ့တယ်လေ Cambridge မှာပဲနေဖို့ "
" ဟက်...ကျွန်တော် London မှာနေချင်လွန်းလို့နေတယ် မှတ်နေလား။ ခင်ဗျားနဲ့အတူတူနေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ နေ့တိုင်း၊နေ့တိုင်း ဘယ်လောက် ပင်ပန်းပါစေ ကျွန်တော် မငြီးငြူပဲ London နဲ့ Cambridge ကိုအသွားအပြန်လုပ်ခဲ့တာ။ အခုတော့ ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး...နေ့တိုင်း၊နေ့တိုင်း ဒီနေရာမှာ ကျွန်တော်တစ်ယောက်တည်းနေနေရသလိုပဲ။ ကျွန်တော့်ကိုယ်ကျွန်တော်အမြဲသတိပေးတယ်။ ခင်ဗျားအလုပ်များနေလို့ပါ။ ကျွန်တော့်ကိုမချစ်တော့လို့မဟုတ်ဘူးလို့...ဒါပေမယ့် အဲ့ဒီအလုပ်တွေက ကျွန်တော်ကိုပေးဖို့အချိန်မရှိတော့တဲ့အထိ များနေတာလား... "
" ကျွန်တော့်ကိုချစ်ကောချစ်သေးရဲ့လား "
" နူး!!! စကားကို လက်လွတ်စပယ် မပြောနဲ့!! "
လင်းနေဒေါသထွက်သွားတယ်။ သူအခုလို အချိန်တွေကိုမေ့တဲ့ထိ အသေအလဲကြိုးစားနေတာ ဘယ်သူ့အတွက်မို့လို့လဲ...။ အားလုံးက နူးအတွက်ချည်းပဲ။ သူအမြင့်ဆုံးနေရာကိုရောက်မှ နူးကိုသူ တရားဝင်ပိုင်ဆိုင်ခွင့်ရမှာ။
" ပြောတော့ဘာဖြစ်လဲ!!! "
" တော်လိုက်ရအောင် နူး။ ကိုယ်မင်းနဲ့စကားမများချင်ဘူး "
" ကျွန်တော်ကကော အခုလိုတွေဖြစ်ချင်နေတယ်ထင်လို့လား! ကျွန်တော် ဆက်သည်းမခံနိုင်တော့ဘူး "
လွန်ခဲ့တဲ့ 1 နာရီလောက်ကမှ သူ့လည်ပင်းမှာ လင်းနေဆွဲထားပေးတဲ့ ဆွဲကြိုးကိုဆွဲဖြုတ်ပြီး လင်းနေအရှေ့ကို ပစ်ပေါက်လိုက်ကာ ကြည်နူး အိမ်ထဲကနေထွက်သွား၏။
ကြည်နူးလည်းသွေးပူနေသလို သူလည်းပင်ပန်းနေတာကြောင့် လင်းနေလိုက်ဆွဲမနေ
တော့ဘူး။ ကြည်နူး ဘယ်သွားမလဲဆိုတာသိနေတာကြောင့်လည်းပါ၏။ လင်းနေက အရင်လိုပဲ ကြည်နူးစိတ်ဆိုးနေတာပဲမို့ သူချော့လိုက်ရင် ပြန်အဆင်ပြေသွားမယ်ပဲထင်နေခဲ့တာ။
ကြည်နူးထွက်သွားပြီးနောက် လင်းနေ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး အနောက်ကိုမှီကာ မျက်နှာကြက်ကိုမော့ကြည့်နေ၏။ သူ့ခေါင်းထဲမှာ တအားကိုရှုပ်ထွေးနေတယ်။ ဒီနေ့ တစ်နေ့တည်းမှာတင် သူ့မှာဘာလို့ အခုလိုတွေရှုပ်ထွေးကုန်မှန်းမသိတော့ဘူး။
တစ်ဖက်ကကြည်နူးရဲ့အတွေးကတော့...
' ဘာလို့မတောင်းပန်တာလဲ၊ဘာလို့ ကျွန်တော့်လက်ကိုမဆွဲထားတာလဲ... '
ကြည်နူးမှာသွားစရာတစ်နေရာပဲရှိတယ်။ အဲ့တာက Cambridge မှာရှိတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ဆီကိုပဲ။
မျက်ရည်ထိန်းထားတဲ့မျက်နှာထားတဲ့ ကြည်နူး ရထားပေါ်မှာထိုင်နေတယ်။ သူဒီထက်ပိုပြီး ရထားမစီးချင်တော့ဘူး...။
Cambridge ကသူ့သူငယ်ချင်းတွေ နေတဲ့နေရာကိုရောက်တော့ ကြည်နူး အခန်းတံခါးခေါက်လိုက်တယ်။ ရန်ချင်းက တံခါးလာဖွင့်ပေး၏။ ငြိမ်းဇာကလည်း သူ့အခန်းထဲကနေထွက်လာသည်။
ရုတ်တရပ်မျက်ရည်တွေဝဲတက်လာတဲ့ ကြည်နူးကြောင့် ငြိမ်းဇာကောရန်ချင်းပါ ပျာယာသွားတယ်။
" ဘာဖြစ်လာတာလဲ "
ငြိမ်းဇာကမေးသည်။
" လမ်းခွဲခဲ့တယ်..."
ပြိုတော့မယ့်မိုးလိုဖြစ်နေတဲ့ ကြည်နူးကို ငြိမ်းဇာ ဖက်လိုက်သည်။
" ဘာမှမဖြစ်ဘူး ကြည်နူး။ ငါတို့ရှိတယ်...နင့်အနားမှာ ငါတို့ရှိတယ် "
ရန်ချင်းကလည်း ရပ်မနေပဲ ကြည်နူးကိုဖက်ထား၏။ သူ့သူငယ်ချင်းနှစ်ယောက်ကြားမှာ ကြည်နူးထိန်းထားခဲ့သမျှ မျက်ရည်တွေက စီးကျလာတော့တယ်။
" နာတယ်...ငါ့ရင်ဘတ်ထဲက တအားနာတယ်..."
အခုလို ဖြစ်လိမ့်မယ်လို့ သူတို့ထင်ထားပြီးသား။ အရင်ကဆို အမြဲပျော်ရွှင်နေတဲ့ ကြည်နူးရဲ့မျက်နှာက နောက်ပိုင်း တမှိုင်းမှိုင်းနဲ့ဖြစ်နေတာ ကြာပြီ။ ကြည်နူးက သူတို့ကို ဘာမှတော့မပြောပေမယ့် ကိုလင်းနေရောင်ဦးနဲ့အဆင်မပြေမှန်း သူတို့ရိပ်မိ၏။
အိမ်ကအစကတည်းက သူတို့သုံးယောက်အတူတူနေဖို့ စဉ်းစားထားတဲ့အိမ်မလို့ အခန်းက 3 ခန်းပါတယ်။ ကြည်နူးအခန်းထဲဝင်သွားမှ ငြိမ်းဇာနဲ့ရန်ချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချကြတယ်။
လင်းနေ နောက်တစ်နေ့မှာလည်း အလုပ်ရှုပ်နေတယ်။ သူ့ကုမ္ပဏီထဲက သစ္စာဖောက်ကိုရှာဖို့နဲ့ သူ့ပိုင်ဆိုင်တဲ့အရာတွေကို ပြန်ရဖို့အတွက် လင်းနေ အချက်အလက်တွေကို စုဆောင်းပြီး အမှုဖွင့်ဖို့ပြင်ဆင်နေ၏။
အားလုံးပြီးသွားရင် လင်းနေ ကြည်နူးကိုပြန်ချော့မယ်လို့တွေးထားခဲ့တာ။ ဒါပေမယ့် ကြည်နူးကသူ့ကိုလက်မခံတော့ဘူး။ သူတို့နှစ်ယောက် တကယ်ကို လမ်းခွဲလိုက်ရတာလား...။
တစ်ယောက်ကိုတစ်ယောက်ချစ်ပါလျက်နဲ့ အချိန်မပေးနိုင်တာက သူတို့ကြား အေးစက်တဲ့ဆက်ဆံအဖြစ်ပြောင်းလဲသွားစေခဲ့ပြီး အခုလို လမ်းခွဲရတဲ့အထိဖြစ်စေခဲ့တာ။
နောင်တရတယ်။ အဲ့ဒီနေ့က ကျွန်တော် နူး လက်ကိုသာဖမ်းဆွဲထားခဲ့မယ်ဆိုရင်....။
[text_hash] => e5b6ff96
)
What do you think?