Chapter 23: Episode [ 22 ]

Array
(
[text] =>

Episode - 22

-

-

-

-

-

-

-

-

မိုးမိပြီး အအေးပတ်ဖျားရုံလေးပဲဆိုပေမယ့် ဆရာဝန်ကဆေးသွင်းရမယ်ပြောတာကြောင့် ကြည်နူး မျက်နှာဖြူဖျော့သွားတယ်။ ဆရာဝန်ကို ဆေးပဲသောက်လို့ရမလား လို့မေးသေးပေမယ့် ဆေးသွင်းဖို့ပဲပြောတာကြောင့် ကြည်နူး မျက်နှာလေးက ဇီးရွက်လောက်ကလေးဖြစ်သွားတယ်။

Nurse က အပ်ထည့်ဖို့ အကြောရှာနေတဲ့အချိန် ကြည်နူး မျက်နှာကိုဘေးကိုလွှဲထားလိုက်တယ်။ အပ်ထိုးတဲ့အချိန် လင်းနေ ကြည်နူးအနားကပ်လိုက်ကြောင့် ကြည်နူးရဲ့မျက်နှာက လင်းနေရဲ့‌ဗိုက်ကိုသွားထိ၏။ ဆစ်ခနဲနာကျင်မှုနဲ့အတူတူ ကြည်နူးမျက်လုံးကိုတင်းတင်းပိတ်ထားပြီး လင်းနေရဲ့ဗိုက်ပေါ်မျက်နှာအပ်ထားလိုက်တယ်။ လင်းနေရဲ့လက်တွေကလည်း ကြည်နူးပခုံးကိုဖက်ထားပြီး ပခုံးကိုဖွဖွကလေးပုတ်ပေးနေသေးသည်။

ကြည်နူး ဆေးသွင်းနေတဲ့အချိန် လင်းနေကဘေးမှာထိုင်စောင့်ပေး၏။ ကြည်နူး သူ့ဘေးမှာ ဖုန်း‌ပြောနေတဲ့ လင်းနေကိုတစ်ချက်ကြည့်လိုက်တယ်။ လင်းနေက သူ့အလုပ်အ‌ကြောင်းတွေပြောနေတာပင်။ ဖုန်းချလိုက်တဲ့အချိန် ကြည်နူး လင်းနေကိုချက်ချင်းပဲအကြည့်ပြန်လွှဲလိုက်တယ်။

" အလုပ်များနေရင် ပြန်ရင်ပြန်လေ။ ကျွန်တော်တစ်ယောက်တည်းလည်းဖြစ်တယ် "

" ကိုယ်မပြန်ဘူး "

ကြည်နူး ဘာမှဆက်မပြောတော့ဘူး။ တစ်ဝက်လောက်ကျန်နေသေးတဲ့ ဆေးပုလင်းကိုမော့ကြည့်လိုက်ပြီး သက်ပြင်းခပ်ရဲ့ရဲ့ချလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ သူတို့နှစ်ယောက်အနားကို ကောင်မလေးတစ်ယောက်ရောက်လာသည်။

" ဟို...မြန်မာတွေလားရှင့်။ စောစောကစကားပြောနေတာကြားလိုက်လို့ "

လင်းနေကအရှေ့မှာရပ်နေတဲ့ ကောင်မလေးကိုကြည့်လိုက်သည်။

" စကားပြောနေတာ ကြားလိုက်တယ်ဆို။ ကိုယ့်လူမျိုးဘာသာစကား ဟုတ်၊မဟုတ်တောင် မခွဲခြားနိုင်ဘူးလား "

ကောင်မလေးတော့မသိဘူး ကြည်နူးတောင် လင်းနေရဲ့စကားကြောင့် လန့်သွားတယ်။ သူတို့နှစ်ယောက်ကြားက ခုံအကွာအဝေးကလည်းနည်းနည်းခြားနေလို့ပေါ့ မဟုတ်ရင် ကြည်နူး လင်းနေခြေထောက်ကိုတက်နင်းလောက်မှာ။

" မသိတာမဟုတ်ပါဘူး။ ညီမကစကားပလ္လင်ခံလိုက်တာပါ။ မြန်မာအချင်းချင်းဆိုတော့ ရင်းနှီးချင်လို့လေ... "

ကောင်မလေးကခွင့်တောင်မတောင်းပဲ လင်းနေရဲ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။

ဘယ်လမ်းကိုဘယ်ဖောက်နေလဲဆိုတာ ကြည်နူးသဘောပေါက်လိုက်ပြီးမို့ စိတ်ထဲအလိုမကျမှုကြောင့် မျက်နှာကလည်း ခပ်တင်းတင်းဖြစ်သွားတယ်။

" ညီမနာမည်က Nina ပါ။ ဒီကိုရောက်နေတာတော့ 5 နှစ်လောက်ရှိတော့မယ် "

" Jayden Lin "

နေပါဦး အခု အကိုက နာမည်ပြန်မိတ်ဆက်လိုက်တာလား...!!! သူက‌ကော ဘာလို့စိတ်တွေတိုနေရတာလဲ။ ငါတို့က လမ်းခွဲထားပြီးပြီပဲ။ ဘာမှမဆိုင်တော့ဘူး။

" Instagram account ရှိလား "

လင်းနေကသူ့လက်ထဲကဖုန်းကိုဖွင့်လိုက်ပြီး သူ့ Instagram account ကို ကောင်မလေးကို ပြလိုက်တယ်။

" ရည်းစာကောရှိလား "

" မရှိဘူး "

လင်းနေဆီက ထိုစကားကိုကြားပြီး ကြည်နူးခေါင်းလေးငုံ့သွားတယ်။ စောစောကလို စိတ်မတိုတော့ပဲ ဝမ်းနည်းစိတ်ကလေးကအလိုလိုဝင်လာတယ်။

" ဒါပေမယ့်... ရည်းစားဟောင်းတော့ရှိတယ်။ အခုသူ့ကိုပြန်လိုက်နေတာလေ "

လင်းနေကသူ့ဘေးက ကြည်နူးကိုကြည့်ကာ ပြော၏။ ခေါင်းငုံ့ထားတဲ့ ကြည်နူးကလည်း ခေါင်းကလေးပြန်မော့လာကာ ဘေးကိုကြည့်လိုက်တာကြောင့် မျက်ဝန်းနက်နက်ကလေးနှစ်စုံဟာ အကြည့်ချင်းဆုံသွားကြသည်။

အဖျားအရှိန်ကြောင့်ပဲလားမသိ ကြည်နူး ပါးကလေးနှစ်ဖက်ပူတက်လာကာ အကြည့်လွှဲလိုက်ပြီး ကြည်နူး ခေါင်းပြန်ငုံ့ထားလိုက်တယ်။

လင်းနေ ဘေးကကောင်မလေးကတော့ အခြေအနေကိုသဘောပေါက်ပြီး ဘယ်အချိန်ကတည်းက ထွက်သွားမှန်းတောင်မသိလိုက်ဘူး။

ကြည်နူး ဆေးသွင်းပြီးတဲ့အထိ လင်းနေ‌စိတ်ရှည်ရှည်နဲ့ထိုင်စောင့်ပေးပြီး ဆေးရုံကနေ ကြည်နူးကိုအိမ်ပြန်ပို့ပေး၏။ ကားထဲမှာ နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ကြပဲ တိတ်ဆိတ်လို့နေသည်။

ကြည်နူးတို့နေတဲ့ တိုက်အောက်ကိုရောက်တော့ ဘေးကကြည်နူးကအိပ်ပျော်နေကြောင့် မနှိုးတော့ပဲ လင်းနေကားထဲကနေဆင်းလိုက်ပြီး ကြည်နူးကိုပွေ့ချီလိုက်တယ်။

နေမကောင်းတာကြောင့်ကော ဆေးသွင်းထားတာကြောင့်ပါ ကြည်နူးက နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတယ်။ အခန်းအရှေ့ကိုရောက်တော့ လင်းနေ ခြေထောက်နဲ့ပဲ တံခါးကိုကန်ပြီးခေါက်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ငြိမ်းဇာကတံခါးလာဖွင့်ပေးသည်။

ကြည်နူးကိုချီထားတဲ့ လင်းနေကိုတွေ့တော့ ငြိမ်းဇာအောက်မေးရိုးပြုတ်ကျမတက်ပဲ အံ့ဩသွား၏။

" ကြည်နူး ဘာဖြစ်လို့လဲ "

အံ့ဩနေပေမယ့်လည်း မေးစရာရှိတာကိုတော့မေးရမှာပဲ။

" ဖျားနေတယ်...အခု ဆေးရုံကနေ ပြန်လာတာ "

လင်းနေကပြောပြီးတာနဲ့ ကြည်နူးကိုချီထားလျက်ပဲ ကြည်နူး‌ရဲ့အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အခန်းထဲကိုဝင်သွား၏။

ကုတင်ပေါ်မှာ ကြည်နူးကိုဖြည်းဖြည်းချင်းချလိုက်ပြီး စောင်ကိုလည်း ရင်ဘတ်အနားအထိ သေချာခြုံပေးလိုက်တယ်။ အိပ်ပျော်နေတဲ့ ကြည်နူးမျက်နှာလေးကို လင်းနေ တစိမ့်စိမ့်ကြည့်ပြီး မျက်ခွံအနားလေးကို ခပ်ဖွဖွထိရုံတင်နမ်းလိုက်တယ်။

တံခါးပိတ်သွားတဲ့ ကြည်နူးရဲ့အခန်းကိုကြည့်ပြီး ငြိမ်းဇာတစ်ယောက်ကြောင်အမ်းအမ်းနဲ့ရပ်နေ၏။ အဲ့ဒီအချိန်မှာပဲ ဘေးက ရန်ချင်းရဲ့အခန်းတံခါးကလည်း ပွင့်လာ၏။

" ဘယ်သူလာတာလဲ စောစောကတံခါးခေါက်သံကြားတယ် "

" ကြည်နူး "

" Password သိနေတဲ့ဟာကို ဘာလို့ တံခါးခေါက်တာလဲ "

" ကြည်နူးပြန်ဆိုပေမယ့် ကြည်နူးတစ်ယောက်တည်းတော့မဟုတ်ဘူး "

" နင်ဘာတွေပြောနေတာလဲ ငြိမ်းဇာ "

" ကိုလင်းနေကကြည်နူးကိုပွေ့ချီလာတာ။ ကြည်နူးကလည်းသူ့လက်ထဲမှာ အိပ်ပျော်နေတာ။ သူပြောတာတော့ ကြည်နူးဖျားနေလို့ ဆေးရုံကနေပြန်လာတာတဲ့။ ကြည့်ရတာ သူတို့ပြန်တွဲနေကြတာထင်တယ်!! "

" ပြန်တွဲတော့လည်း ကောင်းတာပဲ မဟုတ်လား နင်တောင် ကြည်နူးကိုစိတ်ဆိုးပြေဖို့ နားချနေတာလေ "

" သူတို့ပြန်တွဲတာက ကောင်းတာတော့ကောင်းတာပေါ့။ ဒါပေမယ့် လမ်းခွဲတုန်းကတော့ ငါတို့မှာ သူပျော်အောင်လို့ အမျိုးမျိုးကြိုးစား‌လိုက်ရတာ။ သူကတော့ ပြန်တွဲတာကိုတောင် ငါတို့ကိုမပြောဘူး! "

" လင်းနေရောင်ဦးကလည်း တော်တော်အောက်ကျခံပြီး လိုက်ချော့နေတဲ့ဟာ ပြန်တွဲမယ်ဆိုလည်းတွဲလောက်စရာပဲလေ...ငါသာဆို ဒီလောက်ခေါင်းကြောမာနေရင် ချော့မနေဘူး နောက်တစ်ယောက်ရှာမှာ "

" အမယ်လေး...မချစ်ဖူးသေးလို့ နင်ဒီလိုစကားပြောတာ။ အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့တဲ့ ငါနင့်ကိုစောင့်ကြည့်နေဦးမယ် "

" နင့်ဘာသာနင် ကြည့်ချင်ကြည့်၊မကြည့်ချင်နေ "

ငြိမ်းဇာကိုတစ်ယောက်တည်းထားခဲ့ပြီး ရန်ချင်းသူ့အခန်းထဲကိုပြန်ဝင်သွားသည်။

-

အဖျားအရှိန်ကြောင့် ကြည်နူး တစ်ရေးမှတောင်မနိုးပဲ တစ်ညလုံးအိပ်ပျော်သွားတယ်။ မနက် 7 နာရီလောက်မှာ ကြည်နူးနိုးလာ၏။ မနေ့က ဆေးသွင်းခဲ့တာတောင် မသက်သာပဲ သူ့ခန္ဓာကိုယ်က နုံးချိပြီး ကိုက်ခဲနေတုန်းပဲ။ ကြည်နူးအနွေးထည်ဝတ်ပြီး အခန်းအပြင်ကိုထွက်လာခဲ့သည်။

" ဖျားနေတယ်ဆို...သက်သာရဲ့လား "

ရန်ချင်းကမေးတော့ ကြည်နူးသူ့ခေါင်းကိုအသာလေးခါပြလိုက်ပြီး ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်တယ်။

" ‌လင်းနေရောင်ဦးကမင်းအတွက် စွပ်ပြုတ်၊ပြုတ်သွားပေးတယ်။သောက်တော့မလား ငါထည့်ပေးမယ် "

လင်းနေရောင်ဦးဆိုတဲ့နာမည်ကိုကြားမှ မနေ့က အကြောင်းတွေကို ကြည်နူးသတိရသွားတယ်။ မနေ့ညက အကို အဲ့ဒီကောင်မလေးတဲ့စကားပြောနေခဲ့အချိန်မှာ ကြည်နူး အကို့ကိုဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်ဝင်လာတယ်။ ဒါပေမယ့် အကိုကကြည်နူးကြောက်စိတ်ကို တစ်ခဏအတွင်းမှာပဲ ပျောက်သွားအောင် လုပ်ခဲ့တယ်။

ကြည်နူးအတွေးများနေတုန်းမှာပဲ ရန်ချင်းကစွပ်ပြုတ်ကိုပန်းကန်လုံးထဲထည့်ပေးပြီး ကြည်နူးအရှေ့မှာချပေး၏။

" ဒါကမင်းသောက်ရမယ့် ဆေးတွေတဲ့။ စားပြီးရင်သောက်လိုက်ဦး ငါလေ့ကျင့်ဖို့ရှိလို့ ကျောင်းသွားတော့မယ် "

လင်းနေထားခဲ့တဲ့ ဆေးတွေကို စွပ်ပြုတ်ပန်းကန်ဘေးမှာချထားပေးလိုက်ပြီးမှ ရန်ချင်းထွက်သွား၏။ ရန်ချင်းက Cambridge University Basketball Team ကမို့ မနက်အစောကြီး လေ့ကျင့်ဖို့သွားရတဲ့ရက်တွေရှိသလို၊‌နောက်ကျမှ ပြန်လာရတဲ့ ရက်တွေလည်းရှိ၏။

ကြည်နူး စွပ်ပြုတ်သောက်နေတုန်းမှာပဲ အိပ်မှုန်စုံမွှားနဲ့ ငြိမ်းဇာက ကြည်နူးအရှေ့မှာလာဝင်ထိုင်၏။

" နင် ကိုလင်းနေနဲ့ပြန်တွဲနေတာလား "

ငြိမ်းဇာရဲ့စကားကြောင့် ကြည်နူး စွပ်ပြုတ်သီးမလိုတောင်ဖြစ်သွားတယ်။ အရှေ့က ရန်ချင်းတောင် သူ့ကိုဘာမှမမေးခဲ့ဘူး။

" ဘာတွေပြောနေတာလဲ...သူအခုထိ ငါ့ရည်းဟောင်းပဲ "

" ဪ...ဪ...ဒါဆို မနေ့ညက ဖျားနေတဲ့နင့်ကို ရည်းစားဟောင်းကဆေးရုံအထိလိုက်ပို့ပေးတဲ့အပြင် အိပ်ပျော်နေလို့ အခန်းထဲအထိပွေ့ချီပြီးခေါ်လာပေးတာပေါ့လေ။ ဒီလို ရည်းစားဟောင်းမျိုးရှိတာ အားကျပါတယ် သူငယ်ချင်းရယ် "

" ငါတကယ်ပြောနေတာ ငြိမ်းဇာ ငါတို့ပြန်တွဲနေတာမဟုတ်ဘူး "

" ပြန်တွဲမယ့်အခြေအနေတော့ရှိတယ် မဟုတ်လား "

ကြည်နူးကဘာမှပြန်မပြောပဲ အသံတိတ်နေတာကြောင့် ငြိမ်းဇာပြုံးလိုက်သည်။

" ငါမြင်ရသလောက်ဆို ကိုလင်းနေကနင့်အပေါ်ကောင်းပါတယ် ကြည်နူးရယ်။ နင်လည်းစိတ်မပြတ်နိုင်ဘူးမလား စကားသေချာပြောပြီး ညှိသင့်တာညှိ၊ဖြေရှင်းသင့်တာကိုဖြေရှင်းလေ။ လူတစ်ယောက်ကဘယ်လောက်အထိ စိတ်ရှည်နိုင်မှာမလို့လဲ။ နင်ဒီလိုမျိုးဆက်လုပ်နေရင် ဟိုက တကယ်လက်လျော့သွားတဲ့အချိန်မှ နောင်တရနေဦးမယ် "

" ငါကအခုဘာလုပ်နေလို့လဲ "

" နင်ဘာလုပ်နေလဲနင်မသိဘူးလား ကြည်နူး။ ကိုလင်းနေက နင့်ကိုဒီလောက်အထိ အောက်ကျခံပြီးလိုက်ချော့နေတာလေ...မနေ့ညက ရန်ချင်းဘာပြောလဲသိလား။ ငါသာဆို ဒီလောက်ခေါင်းကြောမာနေရင် ချော့မနေဘူး နောက်တစ်ယောက်ရှာမှာတဲ့။ နင်လည်းယောကျာ်းတစ်ယောက်ပဲ ယောကျာ်းလေးတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံနိုင်တဲ့အတိုင်းအတာကိုပိုသိမှာပေါ့။ မကြိုက်တာလဲမဟုတ်ပဲနဲ့ ဘာလို့ခေါင်းမာနေတာလဲ။ နင့်ကိုမေ့ပစ်ပြီး နောက်တစ်ယောက်ရသွားရင်ဘယ်လိုလုပ်မလဲ ကြည်နူး "

လင်းနေရောင်ဦးသာမကောင်းတဲ့လူဆို သူဒီလောက်အထိပြောနေမှာမဟုတ်ဘူး။ မြန်မြန်မေ့ပစ်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ပဲ ပြောမိမှာ။ အခုဟာက တစ်ဖက်ကလည်း လူကောင်းဖြစ်တဲ့အပြင် သူ့သူငယ်ချင်းကလည်း ချစ်နေသေးတာ သိသိသားသားပဲလေ။ တစ်ယောက်ကိုတစ်ယောက်ချစ်‌ပါလျက်နဲ့ ဒီလိုမျိုးတော့ အဆုံးမသတ်သွားစေချင်ဘူး။

မနေ့ကတစ်ခဏလေးအတွင်းမှာတော့ အကိုသူ့ကိုထားပြီး တစ်ခြားတစ်ယောက်ဆီပါသွားမှာကို ကြောက်နေမိတာ။ ငြိမ်းဇာပြောတာကို နားထောင်ပြီး သူ့ကိုအကိုလက်လျော့သွားမှာလာဆိုတဲ့ အတွေးတွေက ခေါင်းထဲပြည့်နှက်သွားသည်။

[text_hash] => 4a24df52
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...