Array
(
[text] =>
Episode - 23
-
-
-
-
-
-
-
-
" စာမလုပ်ချင်ဘူး!!! "
ငြိမ်းဇာကငြီးငြူလိုက်ပြီး စားပွဲပေါ်မှောက်အိပ်လိုက်တယ်။ Exam ရှိတော့ သုံးယောက်သာ အိမ်မှာစာအတူတူလုပ်နေကြတာ စားပွဲပေါ်မှာလည်း စာအုပ်တွေအထပ်လိုက်ပင်။
" ခွေးဖြစ်ချင်နေတာလား "
ရန်ချင်းကတော့ရန်ချင်းပါပဲ။ စကားကိုဘယ်တော့မှ ကောင်းကောင်းမွန်မွန်မပြောတက်ဘူး။
" ခွေးမဖြစ်ခင် အရူးအရင်ဖြစ်မှာတော့သေချာတယ် "
ငြိမ်းဇာကမဲ့ရွဲ့ကာပြန်ပြောလိုက်သည်။
" ရန်ချင်း ငါ့ကိုဒီဟာရှင်းပြဦး "
ကြည်နူးက သူမရတဲ့ သင်္ချာပုစ္ဆာကို ရန်ချင်းကိုပြ၏။ ရန်ချင်းလည်း ငြိမ်းဇာကိုဘာမှဆက်ပြောမနေတော့ပဲ ကြည်နူး ရှင်းပြခိုင်းတဲ့ ပုစ္ဆာကိုတစ်ချက်ကြည့်လိုက်ကာ သူ့ခေါင်းထဲတစ်ခဏအတွင်းဖြေရှင်းပြီး ကြည်နူးကိုပြန်ရှင်းပြ၏။
သူတို့သုံးယောက်လုံးက စာတော်ကြတယ်ဆိုပေမယ့် ရန်ချင်းကတော့ အတော်ဆုံးလို့ပြောရမှာပဲ။ ရန်ချင်းရဲ့အထက်တန်းအောင်မှတ်ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို နံပါတ် 5 နေရာမှာရှိ၏။ ရန်ချင်းအကျွမ်းကျင်ဆုံးကတော့ သင်္ချာပင်။ ဒါကြောင့်လည်း ကြည်နူးနဲ့ငြိမ်းဇာ သူတို့မရတဲ့ ပုစ္ဆာဆို ရန်ချင်းကိုပဲအားကိုးရသည်။
အလယ်တန်းကနေအထက်တန်းအထိကို သုံးယောက်လုံးကနှစ်တိုင်း ကျောင်းဂုဏ်ဆောင်လူရည်ချွန်တွေဖြစ်ခဲ့ကြတာ။ သုံးယောက်လုံးစာလည်း တော်သလို ပေါက်ကရတွေလုပ်တဲ့နေရာမှာလည်းတော်ကြ၏။
" ဒါနဲ့ အခုတစ်လော ကိုလင်းနေကိုမတွေ့ဘူးနော်။ နင့်ဆီမလာတော့ဘူးလား ကြည်နူး "
ငြိမ်းဇာစကားကြောင့် စာရေးနေတဲ့ကြည်နူးရဲ့လက်ကရပ်တန့်သွားတယ်။ ကြည်နူးကဘာမှပြန်မဖြေပဲ ခေါင်းငုံ့ကာ စာကိုပဲဆက်လုပ်နေပေမယ့် သူ့ခေါင်းထဲမှာတော့ အတွေးပေါင်းများစွာရှိနေ၏။
ဒီနေ့နဲ့ဆို အကို့ကို ကြည်နူးမတွေ့တာ 3 ပတ်ပြည့်ပြီ။ အကိုသူ့ကိုလက်လျော့လိုက်ပြီလားဆိုတဲ့ အတွေးက ကြည်နူးကိုနှိပ်စက်နေ၏။
ဘယ်လိုပဲ အာရုံကိုစုစု စာဆက်လုပ်လို့မရတော့တာကြောင့် ကြည်နူးထထွက်သွားလိုက်သွားတယ်။ ကြည်နူး ထွက်သွားတော့ ရန်ချင်းကငြိမ်းဇာကို ဘောပင်နဲ့ကောက်ပေါက်၏။
" နင်တော်တော်လျှာရှည်တာပဲ! "
ငြိမ်းဇာကလည်း သူ့အမှားသူသိတော့ ဘာမှပြန်မပြောနိုင်ပဲ ရန်ချင်းပြောတာကို ငြိမ်ခံနေရတော့သည်။
Exam ပြီးရင် ကျောင်းပိတ်ပြီးမို့ ကြည်နူးတို့သုံးယောက် မြန်မာပြည်ပြန်ဖို့စီစဉ်ထားကြသည်။ မနက်ဖြန် မနက်စောစော လေယာဉ်နဲ့မလို့ ကြည်နူး အခန်းထဲမှာ ပစ္စည်းတွေသိမ်းနေ၏။
ဗီရိုထဲက အဝတ်အစားတွေထုတ်နေတုန်း ဓာတ်ပုံလေးတစ်ပုဒ်က အောက်ကိုလွင့်ကျလာတယ်။ ကြမ်းပြင်ပေါ်က ဓာတ်ပုံကလေးကို ကြည်နူးကောက်ယူလိုက်သည်။ ဓာတ်ပုံကလေးက သူနဲ့လင်းနေ ပုဂံမှာတုန်းက အာနန္ဒာဘုရားမှာ ရိုက်ထားတဲ့ ပုံကလေးပင်။
ကြည်နူး မျက်ဝန်းလေးထဲ မျက်ရည်များဝေ့သီးတက်လာ၏။ နှလုံးသားကလည်း တဆစ်ဆစ်နာကျင်လာသည်။ သူကပဲ စလမ်းခွဲခဲ့ပြီး သူကပဲ ဘာလို့နာကျင်နေရတာလဲ...။ သူပြောခဲ့သလိုပဲ သူတို့ကြား တကယ်ပဲ ပြီးဆုံးပြီထင်ပါရဲ့။
" ကြည်နူး!! ကြည်နူး!!! "
အခန်းအရှေ့ကနေ အော်နေတဲ့ ငြိမ်းဇာရဲ့အသံကြောင့် ကြည်နူး လက်ခုံနဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး အခန်းတံခါးဖွင့်ပေးလိုက်တယ်။
ကြည်နူးက ဘာလဲ ဆိုတဲ့အကြည့်နဲ့ကြည့်နေတုန်းမှာပဲ ငြိမ်းဇာကသူ့ဖုန်းကိုထောင်ကာ ကြည်နူးကိုပြ၏။
" ဒီထဲကကုမ္ပဏီက ကိုလင်းနေ ကုမ္ပဏီမလား "
ကြည်နူး ငြိမ်းဇာလက်ထဲကဖုန်းကိုယူလိုက်ပြီး သတင်းကိုဖတ်ကြည့်လိုက်တယ်။
နာမည်ကြီးကုမ္ပဏီကြီးတစ်ခုက အကို့တို့ ကုမ္ပဏီကနေထုတ်ဖို့စီစဉ်ထားတဲ့ app ကို ခိုးကူးပြီး အရင်ဆုံးထုတ်သွားတဲ့အကြောင်းတွေနဲ့ အကိုတို့ဘက်ကနေ တိကျတဲ့အချက်အလက်တွေနဲ့ တရားစွဲထားတာတောင် သူတို့မကူးကြောင်းငြင်းပြီး သူတို့ဘက်ကနေတောင် တရားပြန်စွဲထားတဲ့အကြောင်းတွေပင်။
တစ်ဖက်က နာမည်ကြီးကုမ္ပဏီဆိုတော့ ဒီသတင်းတော်တော်လေးကို ပျံ့နေတာ။ လင်းနေတို့ဘက်ကနေ မနာလိုလို့မဟုတ်မမှန်တာတွေကို စွပ်စွဲနေတာလို့ ပြောနေကြတဲ့လူတွေလည်းရှိသလို၊ တစ်ဖက်ကုမ္ပဏီကို ရှုံ့ချနေကြသူများလည်းရှိ၏။ တရားရင်ဆိုင်နေတာကအခုထိမပြီးသေးတော့ အမှုအမှန်မပေါ်မချင်းတော့ ဝေဖန်မှုများ နှစ်ဖက်ကွဲနေကြဦးမည်။
ငြိမ်းဇာကိုဖုန်းပြန်ပေးလိုက်ပြီး အခန်းထဲကိုပြန်ဝင်သွားကာ သူ့လွယ်အိတ်ထဲ ဖုန်းနဲ့ပိုက်ဆံအိတ်ထည့်လိုက်ပြီး ချိတ်ထားတဲ့ zipper hoodie ကိုဝတ်လိုက်ပြီး ကြည်နူး အခန်းထဲကနေ ထွက်လာ၏။
" ဘယ်သွားမလို့လဲ ကြည်နူး "
" London "
ကြည်နူးတစ်ခွန်းတည်းပြန်ဖြေပြီး အိမ်တံခါးကိုဖွင့်ကာ ထွက်သွားသည်။
အချိန်က ည 7 နာရီကျော် သာရှိသေးပေမယ့် ရထားက 8 နာရီမှထွက်မယ့် ရထားမို့ ကြည်နူး ဘူတာရုံထဲထိုင်စောင့်နေ၏။ စက္ကန့်တိုင်းက သူ့အတွက် တအားကြာနေသလို ခံစားရလို့ ကြည်နူး ဟိုဘက်ဒီဘက်လမ်းလျှောက်နေမိသည်။ ရထားပေါ်တက်လို့ရတာနဲ့ ကြည်နူး ထိပ်ဆုံးကနေ ခပ်သွက်သွက်ပြေးသွား၏။
ဒါက 5 လလောက်ကြာမှ ကြည်နူး Cambridge ကနေ London ကိုသွားတာပင်။ အရင်ကတော့ နေ့တိုင်းလိုလိုကို ဒီမြို့နှစ်မြို့ကို အသွားအပြန်လုပ်ခဲ့တာ။
လင်းနေရဲ့တိုက်အခန်းအရှေ့ကိုရောက်တော့ ကြည်နူး တံခါးခေါက်ဖို့ကို တွန့်ဆုတ်နေမိတယ်။ အခုအခြေအနေနဲ့ဆို အလုပ်များနေလောက်မယ့် အကိုကအိမ်မှာ ရှိပါ့မလာတောင်မသိဘူး...။
ဘာပဲဖြစ်ဖြစ် သူလည်းဒီအထိရောက်နေပြီးမို့ ကြည်နူး သက်ပြင်းခပ်ရဲ့ရဲ့ချလိုက်ပြီး တံခါးခေါက်လိုက်တယ်။
အခန်းတံခါးပွင့်သွားတဲ့အချိန် ကြည်နူး မျက်တောင်ကလေးတစ်ချက်ခတ်သွား၏။ ကြည်နူးကိုတွေ့လိုက်တဲ့အချိန် အကို့မျက်နှာပေါ် အံ့ဩမှုကလေးဖြတ်ပြေးသွားတာကို သေသေချာချာသတိထားမိလိုက်တယ်။
" နူး... "
အကိုအသံကခပ်တိုးတိုးရယ်သာ။ ကြည်နူး အခန်းထဲကိုဝင်လာပြီး အကို့ကိုပွေ့ဖက်လိုက်တယ်။
" ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ နူး "
" ဒီအတိုင်း...ကျွန်တော် အကို့ကိုလွမ်းလို့ "
ကြည်နူးကလင်းနေပခုံးပေါ်မေးဖျားလေးတင်ထားကာ လင်းနေကလည်း ကြည်နူးကိုပြန်ဖက်ထား၏။
" ကိုယ့်စိတ်ဆိုးပြေသွားပြီလား "
" အွန်း... "
လင်းနေကဘာမှဆက်မမေးတော့ပဲ ကြည်နူးရဲ့ခေါင်းလေးကိုနမ်းလိုက်သည်။ ခဏလောက်နေတော့ ကြည်နူးဘက်ကနေအရင် ဖက်ထားရာကနေ ခွာလိုက်၏။
" သောက်ထားတာလား "
ကြည်နူးကသူ့အရှေ့က လင်းနေမျက်နှာကိုကြည့်ကာမေး၏။
" အင်း...နည်းနည်း "
" ကျွန်တော်နဲ့အတူတူသောက်မလား "
လင်းနေကခပ်ရေးရေးပြုံးလိုက်ပြီး ကြည်နူးလက်ကလေးကိုဆွဲကာ အိမ်ထဲကိုခေါ်သွားတယ်။
လင်းနေကကြည်နူးအတွက်အရက်ငှဲ့ပေး၏။ နှစ်ယောက်လုံးလက်ထဲမှာ အရက်တစ်ခွက်စီကိုင်ထားကြသည်။ လင်းနေသောက်နေတဲ့အရက်က ကြည်နူးသောက်နေကျအရက်တွေထက်တော့ ပိုပြင်းတာကြောင့် တစ်ငုံ့သောက်ပြီးပြီချင်း ကြည်နူးမျက်နှာလေးရှုံ့မဲ့သွားတယ်။ ဒါကိုသတိထားမိတဲ့ လင်းနေကကြည်နူးကိုကြည့်ပြီး နှုတ်ခမ်းကွေးရုံမျှ ပြုံးလိုက်တယ်။
" နူး "
" ကျွန်တော် အကို့အနားမှာရှိတယ် "
" နူး ကိုယ့်ကိုယုံလား "
" အင်း။ ကျွန်တော်အကို့ကိုယုံတယ် "
ကြည်နူးကတွေးဝေမနေပဲ ချက်ချင်းပြန်ဖြေ၏။
" ဒီအခြေအနေထိရောက်ဖို့ ကိုယ်အများကြီး ကြိုးစားခဲ့ရတာ...။ ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ်အမြဲရိုးသားခဲ့တယ်။ ဘယ်သူ့ဦးနှောက်ကိုမှလည်းဖောက်စားမလုပ်ခဲ့ဖူးဘူး။ ကိုယ်လေ...ဒီ app အတွက် အများကြီးမျှော်လင့်ထားခဲ့တာ။ ဒါက ကိုယ်ပိုင်တဲ့အရာ။ ကိုယ်ဘာအမှားမှမလုပ်ခဲ့ဖူးဘူး။ ကိုယ်ကဘာလို့ ပြန်ပြီ စွပ်စွဲခံနေရတာလဲ...လူတွေက ဘာလို့ဒီလောက်တောင်ကြောက်စရာကောင်းနေရတာလဲ... "
အကို့ရဲ့မျက်ဝန်းတွေထဲမှာ နာကျင်မှု၊ခံပြင်းမှုတွေကို ကြည်နူးမြင်နေကတယ်။ ကြည်နူး အကို့အနားကိုကပ်သွားလိုက်ပြီး အကို့ကိုဖက်ထားလိုက်တယ်။ အကိုကကြည်နူးရဲ့ခါးကိုတင်းနေအောင်ပြန်ဖက်ထားပြီး ကြည်နူးရဲ့ ရင်ဘတ်အပေါ်နားမှာ မျက်နှာကိုအပ်ထား၏။
" အမှန်တရားကပဲအနိုင်ရမှာပါ။ သူတို့ဘယ်လောက်ပဲ အင်းအားကြီးပါစေ။ အကိုကဘာအမှားမှမလုပ်ထားဘူးလေ။ သူတို့ကသာ အပြစ်ပေးခံရမှာ...အကို့အနောက်မှာ ကျွန်တော်လည်းရှိသလို ဟိုးအစကတည်းက အကို့ကိုယုံကြည်လာခဲ့တဲ့ အကို့ရဲ့ Team တစ်လုံးလည်းရှိတယ် "
ရထားပေါ်မှာတုန်းက ကြည်နူး သတင်းတွေအားလုံးကို အကုန်ဖတ်ပြီးပြီ။ data တွေကိုရောင်းစားလိုက်တဲ့လူက နောက်ပိုင်း ကုမ္ပဏီတိုးချဲ့မှဝင်လာတဲ့ လူအသစ်ပင်။ လင်းနေတို့ကုမ္ပဏီက မြေအောက်ခန်းထဲကနေထွက်လာနိုင်ပြီးနောက်ပိုင်းကနေစလို့ တရိပ်ရိပ်နဲ့အောင်မြင်လာခဲ့တာ။ ထုတ်လိုက်တဲ့ app တိုင်းကလည်းအောင်မြင်၏။ ဒါကြောင့်လည်း ကုမ္ပဏီကြီးတွေရဲ့ မျက်စိကျစရာဖြစ်နေတာ။
အခု သူတို့နဲ့ပြဿနာဖြစ်နေတဲ့ ကုမ္ပဏီကြီးကလည်း အရင်ကလင်းနေကိုကုမ္ပဏီကို သူတို့လက်အောက်မှာ ဝင်လာပြီးအလုပ်လုပ်ဖို့အတွက် လာကမ်းလှမ်းခဲ့ဖူးသေးတယ်။ လင်းနေဘက်ကငြင်းလိုက်တာကြောင့် အဲ့ဒီအချိန်ကတည်းကနေ သူတို့ရဲ့ပစ်မှတ်ဖြစ်သွားခဲ့တာ။
အမှန်တရားကို ကြားကြားဖုံးကွယ်ထားလို့မရပါဘူး။ cyber security တွေရဲ့ကြိုးစားပေးမှုကြောင့် တစ်ဖက်ကုမ္ပဏီက အမှန်တကယ်ပဲ ခိုးယူထားတဲ့ အကြောင်းကို သက်သေပြနိုင်ခဲ့တယ်။ သူတို့ဘက်ကနေထုတ်ထားတဲ့ app ကိုလည်းအပြီးတိုင်ဖယ်ရှားပစ်လိုက်နိုင်ကာ လင်းနေ သူ့ပိုင်ဆိုင်တဲ့အရာကိုပြန်ရခဲ့တယ်။ လင်းနေက ဒီ Game pp ကိုပိုကောင်းအောင် ပြုပြင်ပြီးမှ ပြန်ထုတ်ဝေခဲ့တယ်။
ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ game app တစ်ခုမို့လို့ စထုတ်ဝေလိုက်တာနဲ့ download ဆွဲတဲ့လူတွေက အမြောက်အများပင်။ အခုဆို လမ်းသွားရင် ဂိမ်းဆော့နေတဲ့လူတွေ့လို့ကြည့်လိုက်မယ်ဆို အဲ့ဒီလူဆော့နေတဲ့ ဂိမ်းက လင်းနေတို့ဖန်တီးထားတဲ့ဂိမ်းပါပဲ။
ကြည်နူး ရထားစီးနေတုန်း သူ့ဘေးမှာထိုင်နေတဲ့ ကောင်လေးဆော့နေတဲ့ဂိမ်းကို မသိမသာလေး လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်တယ်။
ကြည်နူးနဲ့လင်းနေစကားသေချာပြောပြီးနောက် ကြည်နူးက cambridge မှာပဲနေပြီး ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျောင်းပိတ်ရက်မှာတော့ London မှာသွားနေ၏။ ကြားရက်တွေမှာလည်း လင်းနေက သူအားရင်အားသလို cambridge ကိုလာကာ ကြည်နူးကိုမရရအောင်လာတွေ့တက်၏။
[text_hash] => 7713d05a
)
What do you think?