Chapter 3: Episode [ 2 ]

Array
(
[text] =>

Episode - 2

-

-

-

-

-

-

-

-

" ကိုယ်တက်ရမယ့် အတန်းတစ်ချိန်ရှိလို့ ကျောင်းကိုသွားရမယ် နူး။ 1 နာရီလောက်မှ အိမ်ပြန်ရောက်မယ်။ နူး အိမ်မှာမနေချင်လည်း ဒီနားမှာ လျှောက်ပတ်ကြည့်လို့ရတယ်။ ဝေးဝေးတော့မသွားနဲ့ ကိုယ်စိုးရိမ်လို့... "

" တစ်ခုခုအဆင်ပြေတာရှိရင်လည်း ကိုယ့်ကိုဖုန်းခေါ်လို့ရတယ်။ ဒါမှမဟုတ် စာပို့လို့လည်းရတယ်။ ညကပေးထားတဲ့ ကိုယ့်ဖုန်းနံပါတ်မှတ်ထားတယ် မဟုတ်လား "

" ဟုတ်ကဲ့။ ကျွန်တော်မှတ်ထားပါတယ် "

လင်းနေက ကြည်နူးကိုမှာစရာရှိတာမှာခဲ့ပြီးမှ သူ့လွယ်အိတ်ကိုလွယ်ကာ အိမ်ကနေထွက်သွားတယ်။

ကြည်နူးကိုလာကြိုတုန်းက ကားကငှားခဲ့တာမို့ ဒီမနက်ပဲ ပြန်အပ်လိုက်တာကြောင့် လင်းနေ ခါတိုင်းလိုပဲ ရထားစီးရမည်။

လင်းနေ ရထားပေါ်ရောက်တော့ သူထိုင်နေတဲ့ ခုံဘေးမှာ သူ့သူငယ်ချင်း ရိန်းယံကဝင်ထိုင်လိုက်တယ်။ ရိန်းယံက မြန်မာကနေ London မှာကျောင်းလာတက်နေတဲ့ ကျောင်းသားပင်။ လင်းနေနဲ့ရိန်းယံက ပြောမနာဆိုမနာ သူငယ်ချင်းလို့လည်း ပြောလို့ရ၏။

" ဘယ်လိုလဲ မင်းဧည့်သည်လေးနဲ့အဆင်ပြေရဲ့လား "

ရိန်းယံက‌ပြုံးစစနဲ့မေးတော့ လင်းနေရဲ့စူးရှရှမကြည့်က ဒုန်းခနဲရောက်လာတယ်။

" ဘာမပြေစရာရှိလဲ "

" ပြေတယ်ပေါ့။ ထူးထူးဆန်းဆန်း လူမှုရေးတွေကောင်းနေပါလား။ မင်း လင်းနေရောင်ဦးကော ဟုတ်ရဲ့လား...ပိုက်ဆံကုန်မှာစိုးလို့ Taxi တောင်ငှားမစီးတဲ့ကောင်က ကားပါငှားပြီးလေဆိပ်အထိသွားကြိုသတဲ့။ မနက်ကလည်း အပြင်ထွက်စားတာမလား မင်းတို့ကိုငါတွေ့သားပဲ "

ရိန်းယံကလည်း လင်းနေနဲ့တစ်တိုက်တည်းနေတာပင်။ လင်းနေရဲ့အပေါ်ထပ်ကအခန်းက ရိန်းယံအခန်းပင်။

" ‌အမေ့သူငယ်ချင်းသားမို့ပါကွာ "

" ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကဲ့ပါ။ ကျွန်တော်မှတ်ထားလိုက်ပါ့မယ် "

" ဒါနဲ့ သူ့နာမည်ကဘယ်လိုခေါ်လဲ "

" မင်းနဲ့ဘာဆိုင်လဲ "

" ပြောတော့ အမေ့သူငယ်ချင်းသားဆို။ နာမည်လေးပြောပြဖို့တော့ တွန့်တိုနေတယ်ပေါ့လေ "

" ကြည်နူးအိမ် "

ရိန်းယံ သူ့ကိုစနေတာကိုသည်းမခံနိုင်တော့တဲ့ လင်းနေက လေသံခပ်တင်းတင်းနဲ့ ပြောလိုက်တယ်။

" ပြန်ရောက်ရင် ငါ့ကိုသူနဲ့မိတ်ဆက်ပေးဦး။ မြန်မာအချင်းချင်းဆိုတော့ မိတ်ဆွေဖွဲ့ထားရမယ် "

" မင်းတော်တော် စကားများတဲ့ကောင်ပဲ။ ငါ့ကိုအေးအေးဆေးဆေးပေးနေစမ်းပါ "

လင်းနေငေါက်လိုက်တော့ ရိန်းယံက အသံတိတ်သွားပေမယ့် စိတ်ထဲကနေတော့ လင်းနေကို ကြိတ်ရယ်နေတယ်။ အသံထွက်ရယ်ရင် ဟိုကသူ့ကိုထထိုးလောက်တယ်။။ အခုတောင် မျက်နှာကြော ကျောက်သားလို တင်းမာနေတာ။

-

လင်းနေ အတန်းပြီးတာနဲ့ ဖုန်းကိုဖွင့်လိုက်ကာ ကြည်နူးဆီစာပို့လိုက်တယ်။

[ နူး ဘာစားပြီးပြီလဲ ]

လွယ်အိတ်ကိုပခုံးတစ်ဖက်ပေါ်လွယ်ထားပြီးဖုန်းကိုလက်မှာကိုင်ထားရင်းပဲ လမ်းလျှောက်သွားကာ ‌လင်းနေ ကြည်နူးဆီကပြန်စာကိုစောင့်နေ၏။

" ဗိုက်ဆာတယ် တစ်ခုခုသွားစားရအောင် Jayden "

အဲ့ဒီအချိန်မှာပဲ ကြည်နူးဆီကပြန်စာဝင်လာတာမို့ ရိန်းယံပြောတာကို လင်းနေပြန်မဖြေပေးနိုင်သေး။

[ ဘာမှမစားရသေးဘူး။ အခုပဲ ဒီနားမှာ ကောင်းတဲ့ဆိုင်ရှာနေတာ ]

[ ‌ဗိုက်မဆာသေးရင် ကိုယ့်ကိုခဏစောင့်နေလို့ရမလား။ ကိုယ်အခုပြန်လာနေပြီ ]

[ မနက်ကပေါင်မုန့်တွေအများကြီးစားထားလို့ ဗိုက်ကသိပ်တော့မဆာသေးဘူး။ ကျွန်တော်စောင့်နေမယ်လေ ]

ကြည်နူးရဲ့စာကိုဖတ်ပြီး လင်းနေဖုန်းကိုပြန်ပိတ်လိုက်တယ်။ ‌ရိန်းယံဘက်ကိုလှည့်ကာ...

" ငါသွားပြီ။ မင်းဘာသာမင်းတစ်ယောက်တည်းစားချင်စား၊ မစားချင်နေ "

‌လင်းနေတစ်ယောက် ကျောင်းဝန်းထဲကနေ ရေကြီးသုတ်ပြာဖြင့် ပြေးထွက်သွားတယ်။ ဒီနေ့မှပဲ ရထားလာတဲ့အချိန်ကိုစောင့်ရတာ ပိုကြာနေသလိုပဲ။ ရထားပေါ်ရောက်တော့လည်း ရထားကလည်း သွားတာ ပိုနှေးနေသလိုခံစားရ၏။

နူး စောင့်နေရမှာစိုးလို့ သူစိတ်တွေက နူး ဆီမြန်မြန်ရောက်ချင်ဇောတွေများနေတာ။

ရထားဘူတာကနေအိမ်အထိကို ပြေးလာခဲ့တာမို့ လင်းနေ အိမ်ထဲကိုမဝင်ခင် မောနေတဲ့ သူ့ပုံစံကိုပျောက်အောင် အရင်လုပ်လိုက်ပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်ပြီးမှ Password ရိုက်နှိပ်ကာ တံခါးကိုဖွင့်လိုက်တယ်။

ဘယ်သူမှမရှိသလို တိတ်ဆိတ်နေတာကြောင့် ကြည်နူးအခန်းထဲမှာလို့ထင်ကာ ‌လင်းနေ အခန်းတံခါးကိုခေါက်လိုက်တယ်။ အထဲက တုန့်ပြန်မှုလည်းမရှိတာကြောင့် လင်းနေ တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်တော့ လော့မချထား။ အခန်းတံခါးကိုအသာလေးဖွင့်ကြည့်လိုက်တော့လည်း အထဲမှာဘယ်သူရှိမနေ။

သူကြာနေလို့ ကြည်နူးထွက်သွားပြီ လို့ထင်ကာ လင်းနေ စိတ်ပျက်လက်ပျက်နဲ့ ဧည့်ခန်းဆီကို လျှောက်လာတုန်း ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကြည်နူးကိုတွေ့သွား၏။

ကြည်နူးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် လင်းနေ အခန်းထဲကိုပြန်ဝင်သွားပြီး စောင်ကိုသယ်ကာပြန်ထွက်လာတယ်။ ကြည်နူးကိုယ်ပေါ် သူယူလိုက်တဲ့ စောင်ကိုခြုံပေးလိုက်ပြီး လင်းနေ ဆိုဖာအောက် ကြမ်းခင်းမှာ ထိုင်လိုက်တယ်။

ကြည်နူးရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကို လင်းနေအနီးကပ်မြင်နေရတယ်။ ကြည်နူးကနာမည်ကလေးအတိုင်းပဲ မျက်နှာကလေးကလည်း နှစ်လိုဖွယ်၊အကြည်ဓာတ်အပြည့်ရှိတယ်။ ဒါကြောင့်လည်း ကြည်နူးကိုမြင်တိုင်း သူ့စိတ်ကလေးလည်း အမြဲ ကြည်နူးနေတာ။

ကြည်နူးနိုးလာတဲ့အချိန် သူ့ကိုကြည့်နေတဲ့ လင်းနေကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ထထိုင်လိုက်တယ်။ သူ့ကိုယ်ပေါ်မှာရှိနေတဲ့ စောင်ကိုလည်း သတိထားမိတယ်။ ကြည်နူး လင်းနေကို မရဲတရဲကြည့်လိုက်ကာ...

" ဘယ်တုန်းက ပြန်ရောက်တာလဲ "

" လွန်ခဲ့တဲ့ နာရီဝက်လောက်က...ဗိုက်ဆာနေပြီလား "

လင်းနေပြောမှပဲ ကြည်နူးဗိုက်ထဲမှာ သံစုံတီးဝိုင်းထွက်ပေါ်လာတယ်။ ကြည်နူး လင်းနေကို ကြည့်ကာ သွားကလေးဖြီးကာရယ်လိုက်သည်။

" ဆိုင်မှာသွားစားမှာလား "

" အင်း။ အဝတ်အစားလဲဦးမလား။ London Eye ကိုပါတစ်ခါတည်းဝင်မလို့ "

" အွန်း...လဲမှာ၊လဲမှာ ဓာတ်ပုံရိုက်ရင်မလှပဲနေမယ် "

ကြည်နူးက စောင်ကိုမပြီး အဝတ်အစားလဲဖို့အတွက် အခန်းထဲကိုပြေးဝင်သွားတယ်။

လင်းနေကတော့ ကြည်နူးရဲ့ပျာယာခတ်နေပုံကိုကြည့်ရင်း မျက်နှာပေါ် အပြုံးတွေ ဖောဖောသီသီပဲ။

-

လင်းနေက သူကိုယ်တိုင်သာ တစ်လနေလို့ တစ်ခါ Taxi မစီးပေမယ့် ကြည်နူးနဲ့သွားတဲ့အချိန်မှာတော့ Taxi ခေါ်ထားတယ်။ ဆိုင်မှာစားရင် ဈေးများပြီး ပိုက်ဆံအပိုကုန်တာကြောင့် အိမ်မှာချက်စားတာပဲများတဲ့ သူက ကြည်နူးကိုတော့ London မြို့ထဲက အကောင်းဆုံးစားသောက်ဆိုင်ကိုခေါ်သွားသည်။

ပိုက်ဆံရှင်းတော့ ကြည်နူးက သူရှင်းမယ်လုပ်နေလို့ လင်းနေကတားကာ ဆိုင်ဝန်ထမ်းကိုသူ့ကဒ် အရင်ပေးလိုက်တယ်။

London Eye tickets ကိုလည်း လင်းနေက ကြိုဝယ်ထားတယ်။ ferris wheel စလှည့်တာနဲ့ ကြည်နူးစိတ်တွေစတင်လှုပ်ရှားလာတယ်။ အပေါ်စီးကနေမြင်နေရတဲ့ London မြို့ရဲ့အလှတရားက သူ့ကို အံ့ဩမှင်တက်စေတယ်။ ဘဝမှာပထမဆုံးအကြိမ် အမြင့်မကြောက်တက်တဲ့ ကိုယ့်ကိုယ်ကိုယ် ချီးကျူးချင်မိတယ်။

" နည်းနည်းလေးတောင် မကြောက်ဘူးလား "

" ဟင့်အင်း။ ကျွန်တော်အရမ်းသဘောကျတယ် "

နူးပျော်နေတာကိုမြင်ရတော့ London Eye tickets အတွက် သူပိုက်ဆံအများကြီးသုံးလိုက်ရတာက တန်သွားပြီပဲ။

လင်းနေကငြိမ်ငြိမ်ရပ်နေပေမယ့် ကြည်နူးကတော့ ဟိုဘက်ကိုသွားလိုက်၊ဒီဘက်ကိုသွားလိုက်နဲ့ အရမ်းကိုပျော်နေတာ။ လင်းနေ ဖုန်းထုတ်လိုက်ပြီး ကြည်နူးကိုဓာတ်ပုံရိုက်လိုက်တယ်။ ‌ကြည်နူး သူ့ကိုလှည့်ကြည့်တော့ လင်းနေက ရှုခင်းကိုရိုက်သလို ဟန်ဆောင်၏။

သူ့ရိုက်ထားတဲ့ ကြည်နူးပုံကို ပြန်ကြည့်ရင်း လင်းနေနှုတ်ခမ်းတွေက အလိုလိုပဲပြုံးယောင်သန်းလာတယ်။

လင်းနေရဲ့မျက်ဝန်းနက်နက်တွေက ကြည်နူးကို ငေးကြည့်နေတယ်။ သူ့မျက်ဝန်းထဲက ကြည်နူးရဲ့ ပုံရိပ်က အရမ်းကိုတောက်ပလို့နေတယ်။

သူတို့အိမ်ကို‌ပြန်ရောက်တဲ့အချိန် ည 7 နာရီထိုးတော့မယ်။ သိပ်မကြာခင်မှာပဲ လင်းနေတစ်ယောက်တည်း အိမ်ကနေပြန်ထွက်သွားတယ်။

လင်းနေက သူ့ အသက်18 နှစ်ကတည်းက သူ့မိဘတွေရဲ့အထောက်အပံ့ကိုမယူတော့ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာတာ။ လင်းနေရဲ့ အိမ်မက်က IT company ကြီးတစ်ခုတည်ထောင်နိုင်ဖို့ပဲ။ လောလောဆယ်မှာတော့ လင်းနေမှာ ကိုယ်ပိုင် Team တစ်ခုနဲ့ ကုမ္ပဏီအသေးစားလေးတစ်ခု ဖွင့်ထားတယ်။ ကုမ္ပဏီရုံးခန်းကတော့ မြေအောက်ခန်းမှာပင်။ သူတို့ကုမ္ပဏီက ပုံမှန်ရုံးချိန်မရှိ။ အားလုံးက ကျောင်းသားတွေမို့ လာချင်တဲ့အချိန်လာလို့ရပြီ သတ်မှတ်ထားတဲ့ရက်မှာ အလုပ်ပြီးရင်ရပြီ။ သူတို့ အခုလိုနေရာမှာရှိနေရတဲ့အကြောင်းအရင်းက လင်းနေကိုယုံကြည်ကြလို့ပဲ။

‌လင်းနေလည်းရောက်ကော အားလုံးကသူ့ကို ပြုံးစိ၊ပြုံးစိနဲ့ကြည့်နေကြတာကြောင့် တစ်ခုခု မူမမှန်မှန်း သိလိုက်တယ်။

" မင်းတို့ဘာဖြစ်နေကြတာလဲ "

ကွန်ပျူတာအရှေ့က ရိန်းယံက ရုတ်တရပ် သူ့ခုံကိုရွေးကာ လင်းနေ အနားကိုကပ်လာတယ်။

" မှန်မှန်ပြောစမ်း မင်းဘယ်ကလာတာလဲ "

ရိန်းယံကလည်း လင်းနေရဲ့ Team ထဲက programmer တစ်‌ယောက်ပင်။

" ဘယ်ကမှာလဲ အိမ်ကပေါ့ "

" ကိုလင်း လိမ်မနေနဲ့တော့။ ကျွန်တော်တို့အကုန်တွေ့ပြီးပါပြီနော် "

ဒီတစ်ခါတော့ သူတို့ Team ထဲကအငယ်ဆုံး

cyber security နေးလ် ပြောတာပင်။ နေးလ်က ပြောရုံတင်မဟုတ်ပဲ သူ့ဖုန်းကိုဖွင့်ပြီး လင်းနေကိုပြ၏။

နေးလ်ပြတာက ကြည်နူးရဲ့ Instagram account ပင်။ လွန်ခဲ့တဲ့ 10 မိနစ်လောက်ကမှ ကြည်နူးက London Eye ကပုံတွေကိုတင်ထားတာ။ ကြည့်ရတာ ရိန်းယံတစ်ယောက် သူနဲ့ကြည်နူးအကြောင်းကို တစ်ရုံးလုံးကို ဖောက်သည်ပြန်ချထားပြီးပြီပဲ။

" မှန်မှန်ပြောစမ်း မင်းနဲ့သွားတာမလား "

ရိန်းယံကသူ့ကိုတရားခံစစ်သလိုကိုစစ်နေတာ။

" ဟုတ်တော့ဘာဖြစ်လဲ။ မင်းတို့ကကော သူ့ account ကိုဘယ်လိုသိတာလဲ "

" ဒီမှာ နေးလ်တစ်ယောက်လုံးရှိနေတာကိုကွာ။ account လေးရှာတာလောက်ကတော့ အေးဆေးပေါ့။ မင်းပဲ မနက်ကငါ့ကို သူ့နာမည်ပြောလိုက်တာမလား "

လင်းနေ နေးလ်ဘက်ကိုလှည့်ကြည့်လိုက်တော့ နေးလ်က သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြတယ်။ နေးလ်က သူတို့ Team ထဲက တစ်ဦးတည်းသော cyber security ပင်။

တကယ်တော့ လင်းနေက Instagram မသုံးတာကြောင့် ကြည်နူး account ကိုရှာတောင်မရှာကြည့်ဖူးဘူး။

" ကိုလင်း အဲ့ဒီ London Eye tickets က ဈေးကြီးတယ်မဟုတ်လား။ ပိုက်ဆံတွေဘယ်ကရလဲ "

" မင်းတို့ကိုပေးမယ့် လစာတွေလေ "

ခဏကတော့ သူ့ကိုစနေရလို့ပျော်နေတဲ့မျက်နှာတွေက ချက်ချင်းပဲ " ကိုလင်း တကယ်ပြောနေတာလား " လို့ စာတန်းထားသလိုကိုး ဖြစ်သွားကြတယ်။

" ငါ့အနားမှာ ဘာလို့ဝိုင်းနေကြတာလဲ။ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြတော့ "

လင်းနေလေသံမာမာနဲ့ပြောလိုက်တော့မှ သူတို့နေရာသူတို့ပြန်သွားကြတော့တယ်။

အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်နေကြပြီးမို့ လင်းနေ ဖုန်းကိုဖွင့်လိုက်ပြီး Instagram ကို download ဆွဲလိုက်တယ်။ လင်းနေတစ်ယောက် @Jayden_Linnn ဆိုတဲ့ Username နဲ့ account တစ်ခုဖွင့်လိုက်သည်။

Instagram ဖွင့်ပြီး လင်းနေ ပထမဆုံးလုပ်တဲ့အရာက @imkyinue ဆိုတဲ့ ကြည်နူးရဲ့ account ကိုရှာကာ follow လုပ်တာပါပဲ။

လင်းနေက ကြည်နူးတစ်ယောက်တည်းကိုပဲ follow လုပ်ထား၏။ နောက်တော့ လင်းနေက သူ့ Gallery ထဲက ဒီနေ့ London Eye ပေါ်ကနေရိုက်လာတဲ့ ရှုခင်းပုံ 9 ပုံနဲ့ နောက်ဆုံးမှာတော့ ကြည်နူးပုံပါတဲ့ ပုံတစ်ပုံကို တင်လိုက်တယ်။

အောက်က Caption ကတော့ Love and London.

-

[text_hash] => 65eefc81
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...