Array
(
[text] =>
Episode - 3
-
-
-
-
-
-
-
-
ကြည်နူး ကုတင်ခေါင်းရင်းကိုမှီရင်းထိုင်ကာ သူ့ အမေဆီ Video Call ခေါ်လိုက်တယ်။
" အမေအခုပဲ သားတင်ထားတဲ့ Post ကိုကြည့်နေတာ သားလင်းနဲ့အတူတူသွားကြတာလား။ ပုံတွေကကော သားလင်းရိုက်ပေးတာလား "
" ဟုတ်တယ်။ သူနဲ့အတူတူသွားတာ။ ပုံတွေကလည်း သူပဲရိုက်ပေးတာ "
" သားလင်းတော့ အလုပ်များသွားမှာပဲ "
" အမေ!! တလင်းတည်းလင်းနေတော့တာပဲနော်။ အမေ့သားအရင်းကျွန်တော့်အကြောင်းကိုဘာမှမသိချင်ဘူးလား "
" သားလင်း အိမ်မှာမရှိဘူးလား။ ခေါ်လိုက်စမ်းပါ ငါသူနဲ့စကားပြောချင်လို့ "
" မရှိဘူး။ ဒီညပြန်မလာတော့ဘူးတဲ့ "
" ဟဲ့! ဒီညပြန်မလာဘူးဆိုတော့ ဘယ်သွားတာတုန်း "
" ကျွန်တော်လည်းဘယ်သိမလဲ အမေရာ။ ဒီမှာ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်က အိမ်ပြန်မအိပ်တာ ဘာထူးဆန်းလို့လဲ။ သူ့ရည်းစားနဲ့သွားတွေ့တာလည်း ဖြစ်နိုင်တာပဲလေ "
" ရည်းစား...သားလင်းကရည်းစားရှိတာလား "
" မသိဘူးလေ။ ကျွန်တော်ထင်တာကိုပြောတာ ဒီအသက်အရွယ်၊ဒီရုပ်ရည်နဲ့ ရည်းစားမရှိဘူးဆိုတာတော့ မဖြစ်နိုင်လောက်ဘူး "
" မရှိလောက်ပါဘူးဟယ်။ နှင်းဆီပြောတော့ သူ့သားက ရည်းစားထားဖို့အချိန်တောင်မရှိဘူးတဲ့ "
" သူ့ဟာသူရည်းစားရှိရှိ၊မရှိရှိ ကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲ။ ဒါပဲ၊ဒါပဲ...ကျွန်တော်ဖုန်းချလိုက်တော့မယ် "
ကြည်နူးသူ့အမေနဲ့ Video Call ပြောပြီးနောက် အိပ်ယာပေါ်လှဲအိပ်လိုက်တယ်။ Instagram noti တွေထဲ Jayden_Linnn follow you ဆိုတာကိုတွေ့တာကြောင့် account ထဲဝင်ကြည့်လိုက်ပြီး ကြည်နူး follow back ပြန်လုပ်လိုက်တယ်။
ကြည်နူးက လင်းနေတင်ထားတဲ့ Post ကိုတွေ့ပေမယ့် ပုံတွေအားလုံးကိုမကြည့်တာကြောင့် နောက်ဆုံးမှာပါတဲ့ သူ့ပုံကိုမတွေ့ခဲ့ဘူး။
မနက် 2 နာရီလောက်မှာ ကြည်နူး ရေငတ်တာကြောင့် တစ်ရေးနိုးလာခဲ့တယ်။ အခန်းမီးကိုဖွင့်လိုက်ပြီး ရေသောက်ဖို့ ကြည်နူး အပြင်ထွက်လာ၏။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီအချိန်မှာ တံခါးဖွင့်သံကိုကြားလိုက်တာကြောင့် ကြည်နူးသွားကြည့်လိုက်တော့ လင်းနေဖြစ်နေတယ်။
" နူး မအိပ်သေးဘူးလား "
" တစ်ရေးနိုးလာတာ။ ရေသောက်မလို့...ပြောတော့ ဒီညပြန်မလာတော့ဘူးဆို "
" အလုပ်စောစောပြီးပြီသွားလို့ "
" အလုပ်သွားတာလား... "
" နူးကကိုယ်ဘယ်သွားတယ် ထင်လို့လဲ "
သူ့အတွေးနဲ့သူ ထင်ချင်ရာထင်ထားမိတာကြောင့် လင်းနေမေးတဲ့အချိန် ကြည်နူးရှက်ကိုးရှက်ကန်းကလေးဖြစ်သွားတယ်။
" ဘာမှမထင်ပါဘူး "
လင်းနေအရှေ့ကနေ ကြည်နူး လျစ်ခနဲလှည့်ထွက်သွားပြီး မီးဖိုချောင်ထဲကိုဝင်သွားသည်။ ရေခဲသေတ္တာကိုဖွင့်လိုက်ကာ အထဲကရေဘူးကိုယူပြီး ပြန်အလှည့် အရှေ့မှာပိတ်ရပ်နေတဲ့ လင်းနေကြောင့် ကြည်နူးရဲ့ကျောက အလိုလိုပဲ ရေခဲသေတ္တာတံခါးမှာကပ်သွားသည်။
ကြည်နူးရဲ့အရပ်က ယောကျာ်းလေးတစ်ယောက်အတွက် ပုံမှန်ပဲဆိုပေမယ့် လင်းနေရဲ့ယှဉ်ရင်တော့ အလိုလိုပုသွားတယ်။ ပိန်ကလည်းပိန်တော့ အနောက်ကနေကြည့်မယ်ဆို ရပ်နေတဲ့ လင်းနေရဲ့နောက်ကကျောကိုသာမြင်ရပြီး ကြည်နူးကိုတော့မြင်ရမည်မဟုတ်။
" ဟင်...နူးကကိုယ်ဘယ်သွားတယ် ထင်လို့လဲ "
ကြည်နူးကဂျောင်ပိတ်မိနေတဲ့ ကြောင်ကလေးတစ်ယောက်နဲ့တူနေ၏။ မျက်လုံးကလေးလှန်ကာ ကြည်နူး လင်းနေကိုမော့ကြည့်လိုက်တယ်။ သူ့ကိုရီဝေဝေနဲ့ကြည့်နေတဲ့ လင်းနေကြောင့် ကြည်နူးပါးကလေးနှစ်ဖက်နွေးခနဲဖြစ်သွားပြီး ခေါင်းကိုပြန်ငုံ့လိုက်တယ်။
" ရည်းစားနဲ့သွားတွေ့တယ်ထင်လို့... "
ကြည်နူးအသံက တကယ့်ကိုတိုးတိုးကလေးမှတိုးတိုးကလေး။ လင်းနေ သေချာကြားလိုက်ပေမယ့် ညစ်ချင်တာကြောင့်...
" ဘာပြောလိုက်တာလဲ ကိုယ်မကြားရဘူး "
ကြည်နူးက သနားစရာမျက်ဝန်းကလေးတွေနဲ့ နောက်တစ်ကြိမ် လင်းနေကိုခေါင်းမော့ကြည့်၏။
" ကျွန်တော်က အကို ရည်းစားနဲ့သွားတွေ့တယ်ထင်လို့ "
လင်းနေကခပ်ရေးရေးပြုံးပြီး ကြည်နူးအရှေ့ကနေဖယ်ပေးလိုက်တယ်။ ကြည်နူးလည်း အဲ့ဒီတော့မှပဲ အသက်ရဲရဲရှူနိုင်တော့တယ်။
လင်းနေ ဖန်ခွက်တစ်ခွက်ယူလိုက်တယ်။ကြည်နူးလက်ထဲက ရေဘူးကိုလည်းယူလိုက်ကာ ဖန်ခွက်ထဲရေထည့်ပေးပြီး ကြည်နူးကိုပေး၏။
ကြည်နူးက လင်းနေပေးတဲ့ရေခွက်ကို လက်ကလေးနှစ်ဖက်နဲ့သေချာကိုင်ထားရင်း...
" ကျေးဇူးတင်ပါတယ် " ဟုပြော၏။
ကြည်နူးရေသောက်နေတုန်း လင်းနေကကြည်နူးကိုကြည့်ကာ...
" ကိုယ့်မှာရည်းစားမရှိဘူး "
ဟုပြောပြီး မီးဖိုချောင်ထဲကနေ အရင်ထွက်သွားကာ သူ့အခန်းထဲကိုဝင်သွား၏။
-
ဒီမနက် ကြည်နူး အစောကြီးနိုးလာတယ်။ အိမ်ထဲမှာ လင်းနေကိုမတွေ့တာကြောင့် ကြည်နူး လင်းနေထွက်သွားပြီထင်တာ မီးဖိုချောင်ထဲကို ဝင်လာခဲ့တယ်။
ဒီနေ့နဲ့ဆို ကြည်နူး London ကိုရောက်နေတာ 4 ရက်ရှိပြီ။ လင်းနေအားတဲ့နေ့ဆို လင်းနေကသူကို့ London ရဲ့နေရာတစ်ချို့လိုက်ပို့ပေးပြီး မအားတဲ့နေ့ဆိုလည်း ကြည်နူးက သူ့ဘာသာသူသွားတက်နေပြီ။
ရေခဲသေတ္တာထဲက ကြက်ဥ နဲ့ဘေကွန်ကိုထုတ်လိုက်ပြီး ပေါင်မုန့်အလွတ်နှစ်ချပ်ကို ကင်စက်ထဲထည့်လိုက်တယ်။ ကြည်နူး sandwich လုပ်မလို့ပင်။ တစ်ခြားဟာတွေ မချက်တက်ပေမယ့် sandwich တို့ ခေါက်ဆွဲပြုတ်တို့လောက်ကတော့ ကြည်နူး ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်၏။
ကြည်နူး ကြက်ဥကြော်နေတုန်း အနောက်ကနေ လမ်းလျှောက်သံကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ အကိုဖြစ်နေတယ်။ အကိုက အခုမှ အိပ်ရာနိုးတဲ့ပုံပင်။
" ကျွန်တော်ကအကိုကျောင်းသွားပြီထင်တာ "
" ကိုယ်နေသိပ်မကောင်းလို့ "
" ဟင် နေမကောင်းဘူး "
ကြည်နူး ဂတ်စ်မီးဖိုကိုပိတ်လိုက်ပြီး လင်းနေအရှေ့ကိုရောက်လာတယ်။ ကြည်နူးက လင်းနေရဲ့နဖူးပေါ် သူ့လက်ကလေးတင်လိုက်ပြီး အပူချိန်စမ်းနေ၏။
လင်းနေ အသက်ရှူဖို့မေ့သွားတဲ့အထိ ခန္ဓာကိုယ်တောင့်ခဲသွားတယ်။ ကြည်နူးရဲ့ မျက်တောင်ကော့စိပ်စိပ်ကလေးတွေကို သူအနီးကပ်မြင်နေရတယ်။ နှုတ်ခမ်းကလေးတွေ လှုပ်သွားတိုင်း ရင်တလှပ်လှပ်နဲ့ မသိရင် နှလုံးရောဂါရှိနေတဲ့ လူအတိုင်းပင်။
" ကိုယ်ပူနေတာပဲ။ ဆေးရုံသွားမလား ကျွန်တော်လိုက်ခဲ့ပေးမယ်လေ "
လင်းနေကပြန်မဖြေ။
" အကို...!! "
" ဟင် "
" ဆေးရုံသွားမလားလို့ ကျွန်တော်လိုက်ခဲ့ပေးမယ် "
" မသွားတော့ဘူး။ အရမ်းအဆိုးကြီးမှမဟုတ်တာ။ ဆေးသောက်ပြီး အိပ်လိုက်ရင်ကောင်းသွားမှာ... ဒါနဲ့ နူး ဘာလုပ်နေတာလဲ "
" ကျွန်တော် sandwich လုပ်နေတာ။ အကို့အတွက် တစ်ခုခုသွားဝယ်ပေးရမလား ဘာစားချင်လဲ "
" ရတယ် နူး။ ကိုယ့်ကို sandwich ပဲလုပ်ပေးလို့ရမလား "
" ဟို...အရသာက အဆင်ပြေမှာမဟုတ်ဘူးနော်။ ကျွန်တော်က ကိုယ်ချက်ကိုယ်ကောင်း "
" ရတယ်။ ကိုယ်စားမယ်။ ကိုယ့်ကို sandwich ပဲလုပ်ပေးနော် "
ကြည်နူး ခေါင်းညိတ်လိုက်ပြိး မီးဖိုချောင်ထဲကို ပြန်ဝင်လာကာ sandwich လုပ်ဖို့ပြင်ဆင်လိုက်တယ်။ sandwich လုပ်ပြီးသွားတော့ ကြည်နူးကသူ့အတွက်သူ ကော်ဖီဖျော်ထားပေမယ့် လင်းနေအတွက်ကတော့ သူဟိုတစ်နေ့ကဝယ်လာတဲ့ နွားနို့ဘူးကို ဖောက်ကာ ခွက်ထဲပြောင်းထည့်လိုက်တယ်။ နွားနို့ကရေခဲသေတ္တာထဲထည့်ထားတာမို့ ကြည်နူးဒီအတိုင်းမထည့်ပဲ အပူပေးပြီးမှ ခွက်ထဲထည့်တာပင်။
လင်းနေအတွက် sandwich ပန်းကန်နဲ့ နွားနို့ခွက်ကိုအရင် ကြည်နူး စားပွဲချလိုက်တယ်။ ပြီးမှ သူ့ sandwich နဲ့ ကော်ဖီကိုယူကာ လင်းနေအရှေ့မှာထိုင်လိုက်တယ်။
" နွားနို့ဘယ်ကရတာလဲ ကိုယ်လည်းမဝယ်ထားမိပါဘူး "
" ကျွန်တော်သောက်ဖို့ဝယ်လာတာ။ အခုတော့ အကို့အတွက်ဖြစ်သွားပြီ "
" ကိုယ်နွားနို့မကြိုက်ဘူး နူး။ နူးပဲသောက်လိုက်နော် "
" မသောက်ပါဘူး။ အကိုပဲသောက်ရမယ်။ မကြိုက်လည်းသောက်ရမယ်။ နေမကောင်းတဲ့ဟာကို အားရှိအောင်နေရမှာပေါ့ "
" ဖြည်းဖြည်းပြောပါ နူးရယ်။ ကိုယ်သောက်မယ် ဟုတ်ပြီလား "
" အွန်း...ကုန်အောင်သောက်နော် ကျွန်တော်စောင့်ကြည့်နေမှာ "
ငယ်ငယ်က နွားနို့မသောက်ချင်လို့ အမေ့ကို အသေအလဲဂျစ်တိုက်ခဲ့သမျှ အခုတော့ နူးရဲ့အကြည့်တစ်ချက်နဲ့တင် မကြိုက်ပါဘူးဆိုတဲ့နွားနို့ကို ကြိတ်မှိတ်သောက်နေရ၏။
သူလုပ်ထားတဲ့ sandwich ကို လင်းနေစကိုင်လိုက်တဲ့အချိန်ကတည်းက ကြည်နူးရဲ့အကြည့်တွေက လင်းနေဆီမှာပဲရှိနေတယ်။ ကြည်နူးက သူ့ sandwich ရမှတ်ကိုသိချင်နေ၏။
" အဆင်ပြေလား "
လင်းနေက sandwich ဝါးနေရင်းနဲ့ ခေါင်းညိတ်လိုက်တယ်။
" အရသာရှိတယ် "
အဲ့ဒီတော့မှ ကြည်နူးမျက်နှာကလေး ပြုံးယောင်သန်သွားတော့သည်။ နှစ်ယောက်လုံးစားပြီးသွားတော့ ကြည်နူးက ပန်းကန်တွေခွက်တွေယူသွားပြီး ဆေးမလို့လုပ်နေတုန်း လင်းနေက သူပဲဆေးလိုက်မယ်လုပ်နေလို့ ကြည်နူး လင်းနေခန္ဓာကိုယ်ကို အတင်းတွန်းထုတ်ကာ မီးဖိုချောင်ထဲကနေ ထွက်သွားခိုင်းရတယ်။
ကြည်နူးက အကိုနေမကောင်းတာမို့ ရေအေးပေးမကိုင်ချင်။ အကိုက...
" ပန်းကန်ဆေးတာလောက်တော့ ကိုယ်လုပ်နိုင်ပါတယ်။ အရင်က ဒီထက်ပိုဆိုးတဲ့ အခြေအနေမှာတောင် ဆေးရသေးတာပဲဟာ "
" အခု ကျွန်တော်ရှိတယ်လေ။ အရင်လို အကိုတစ်ယောက်တည်းနေတာမှမဟုတ်တာ "
လင်းနေ ရင်ထဲနွေးခနဲဖြစ်သွားတယ်။ သူ့နားထဲမှာ " အခု ကျွန်တော်ရှိတယ်လေ " ဆိုတဲ့ စကားသံကိုပဲ အထပ်ထပ်အခါအခါကြားယောင်နေမိတယ်။
ကြည်နူး ပန်းကန်ဆေးပြီးတဲ့အချိန်အထိ လင်းနေကသူ့အနားမှာ စောင့်ပေးနေသည်။
" ပန်းကန်ဆေးလာတာလား ရေချိုးလာတာလား နူး "
လင်းနေရဲ့စကားကြောင့် ကြည်နူး လည်ပင်းကိုကုတ်ကာ ရယ်လိုက်တယ်။ ပြောလည်းပြောချင်စရာပင် ကြည်နူးရဲ့ အင်္ကျီအရှေ့နားတစ်ဝိုက်လုံးက ရေတွေစိုလို့နေ၏။
" အင်္ကျီလဲလိုက်ဦး တော်ကြာ အအေးပတ်ပြီ ဖျားနေဦးမယ် "
" အကိုလဲဆေးသောက်လိုက်ဦးနော် "
ကြည်နူးအင်္ကျီလဲဖို့ အခန်းထဲကိုဝင်လာခဲ့တယ်။ ကြည်နူး ပြန်ထွက်လာတော့ အကိုက အပြင်မှာမရှိတော့ဘူး။ ဆေးသောက်ပြီး အခန်းထဲပြန်ဝင်သွားတာဖြစ်လိမ့်မည်။
နေ့လယ် 11 နာရီထိုးနေပြီးမို့ ကြည်နူး app ကနေ သူ့အတွက်ကော လင်းနေအတွက်ပါ နေ့လယ်စာမှာလိုက်တယ်။ လင်းနေကတော့ အခုထိ အခန်းထဲကနေ ထွက်မလာသေးကြောင့် ကြည်နူး လင်းနေရဲ့အခန်းတံခါးကို ခေါက်လိုက်တယ်။
" ဘာဖြစ်လို့လဲ နူး "
" အကို သက်သာရဲ့လား "
" သက်သာတယ် ကိုယ်ဘာမှမဖြစ်တော့ဘူး။ အလုပ်တောင်လုပ်လို့ရနေပြီ "
ကြည်နူး အခန်းထဲကိုလှမ်းကြည့်လိုက်တော့ စားပွဲပေါ်မှာ ဖွင့်ထားတဲ့ Laptop က Code ရေးလက်စပင်။ အကိုက computer science ကျောင်းသားမှန်းတော့ ကြည်နူးသိ၏။ အခု အကိုက မျက်မှန်လည်းတပ်ထားသေးတယ်။
" ကျွန်တော် အကို့အတွက်နေ့လယ်စာ chicken soup မှာထားတယ်။ အဆင်ပြေရဲ့လား "
" ပြေတာပေါ့။ ကိုယ်ကြိုက်တယ် "
" အဲ့တာဆို ရမှ လာခေါ်လိုက်မယ်။ အလုပ်ကိုချည်းပဲ အာရုံစိုက်မနေနဲ့ဦး အနားလည်းယူဦး နေကောင်းတာလည်းမဟုတ်ပဲနဲ့ တော်ကြာ ပိုဆိုးသွားလိမ့်မယ် "
" အင်း။ ကိုယ်နူးစကားကိုနားထောင်ပါ့မယ် "
ဘာလို့မှန်းမသိ ကြည်နူး မျက်နှာနွေးခနဲဖြစ်သွားတယ်။
မှာထားတာတွေရတော့ ကြည်နူးက အားလုံးကိုအရင် ပန်းကန်ထဲထည့်ပြီးမှ လင်းနေကိုသွားခေါ်၏။ နှစ်ယောက်အတူတူ နေ့လယ်စာစားပြီးနောက်တော့ လင်းနေကပဲပန်းကန်ဆေးသည်။ ကြည်နူးဆေးမယ်ပြောတော့ ပထမတစ်ခေါက်ကလို လင်းနေကလက်မခံတော့ဘူး။ ကြည်နူးကလည်း လင်းနေ နေမကောင်းတာကြောင့် မဆေးစေချင်ပေမယ့်လည်း
" ပန်းကန်ဆေးချင်တာလား။ ရေကစားချင်တာလား "
လို့ ပြန်မေးခံလိုက်ရတော့မှ ကြည်နူးတစ်ယောက် ငြိမ်သွားတော့တယ်။
[text_hash] => cd22579b
)
What do you think?